KFC နှင့် IMF က ပြောသော မြန်မာနိုင်ငံစီးပွားရေး

KFC နှင့် IMF က ပြောသော မြန်မာနိုင်ငံစီးပွားရေး
Published 2 July 2015

မြန်မာနိုင်ငံသားများ KFC ကြက်ကြော်စားရရန် နာရီပေါင်းအတန်ကြာ တန်းစီစောင့်ဆိုင်း ခဲ့ကြကြောင်း သတင်းများက ဇွန် ၃၀ ရက်၌ နိုင်ငံခြား သတင်းဝက်ဘ်ဆိုက်များတွင် ပြူးတူးပြဲတဲ ပေါ်လာသည်။ Apple ကုမ္ပဏီ၏ အိုင်ဖုန်းမော်ဒယ်လ် အသစ်တစ်မျိုးကို ဝယ်ယူရန် နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်း ခဲ့ကြသည်ဟူသည့် သတင်းမျိုးက နိုင်ငံခြား သတင်းဌာနများအတွက် အဆန်းတကြယ် မဟုတ်သော်လည်း မြန်မာနိုင်ငံသားများ ကြက်ကြော်ဝယ်ယူရန် နာရီပေါင်း အတန်ကြာ တန်းစီစောင့်ဆိုင်းသည့် သတင်းက သူတို့အတွက် အထူးအဆန်း ဖြစ်ခဲ့သည်။
“မြန်မာနိုင်ငံသည် လျှပ်စစ်မီး၊ ဆေးဝါးကိရိယာနှင့် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပိုမိုလိုအပ် နေသေးသော်လည်း အနည်းဆုံး KFC ဆိုင်တစ်ဆိုင်တော့ ရခဲ့ပြီ” ဟု နိုင်ငံခြား သတင်းဌာနတစ်ခုက ရေးသားဖော်ပြသည်။ မိသားစုအတွက် KFC ကြက်ကြော် ဝယ်ရန် သုံးနာရီကြာ တန်းစီခဲ့ရသည့် မြန်မာလုပ်ငန်းရှင် တစ်ဦးက “သူက နိုင်ငံတကာမှာ ကျော်ကြားတယ်လေ။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်လိမ့်မယ်လို့ ထင်ပါတယ်” ဟု ဆိုသည်။ နိုင်ငံပေါင်း ၁၂၀ ၌ ဆိုင်များဖွင့်လှစ်ထားသည့် KFC ၏ ကြက်ကြော်များကို နေ့လယ်စာ စားချိန်၌ လူတန်းအရှည်ကြီးများ စောင့်ဆိုင်းခဲ့ကြပုံကို နိုင်ငံခြား သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
နိုင်ငံခြားမှ အသင့်စားသုံးနိုင်သည့် အစားအစာ ရောင်းချသည့်ဆိုင်များ ရန်ကုန်မြို့၌ ဖွင့်လှစ်ခြင်းမှာ ပထမဆုံး မဟုတ်ပါ။ တောင်ကိုရီးယားနိုင်ငံမှ ဘာဂါကုမ္ပဏီဖြစ်သော Lotteria သည် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံ တစ်လွှား၌ ဆိုင်ပေါင်း ခြောက်ခုထက်မနည်း ရှိပြီဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးပြီးဆုံးပြီး အရပ်သား အမည်ခံထားသည့် အစိုးရအဖွဲ့ တက်လာပြီးနောက်ပိုင်း ပိတ်ဆို့မှုအများစု ရုပ်သိမ်းပေးခံရပြီး ပြုပြင်ပြောင်းလဲရေးအချို့ ပြုလုပ်ခဲ့ပြီးနောက် KFC သည် မြန်မာနိုင်ငံ၌ ဖွင့်လှစ်သည့် ပထမဆုံး အထင်ကရ အမေရိကန် အစားအစာဆိုင် တစ်ခုဖြစ်သည်။ အချိုရည် ကုမ္ပဏီများဖြစ်သည့် ကိုကာကိုလာနှင့် ပက်စီသည် လည်းကောင်း၊ ကားကုမ္ပဏီများဖြစ်သည့် ချက်ဗလက်နှင့် ဖို့ဒ်ကုမ္ပဏီတို့သည် လည်းကောင်း မြန်မာနိုင်ငံ၌ KFC ထက် ဦးစွာ အရောင်းဆိုင်များ ဖွင့်လှစ်ခဲ့သည့် အမေရိကန် ကုမ္ပဏီများဖြစ်သည်။
KFC သည် မြန်မာနိုင်ငံမှ လုပ်ငန်းဖက်နှင့်အတူ ပူးပေါင်းလုပ်ကိုင်ခြင်းဖြစ်သည်။ ထိုင်ခုံ ၂၄၀ ပါသည့် ရန်ကုန်ဆိုင်ခွဲသည် ပျူငှာရက်ရောမှုများ၊ သင့်တင့်လျောက်ပတ်သော ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဟု KFC ထုတ်ပြန်ချက်၌ ပါရှိသည်။ KFC ကြက်ကြော်နှစ်တုံး တစ်ပွဲလျှင် ကျပ် ၃၅၀၀ ဖြင့် ရောင်းချပေးပြီး ယင်းသည် ကမ္ဘာပေါ်တွင် ဆင်းရဲမွဲတေမှုနှုန်း အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၌ အစိုးရက ပထမဆုံးအဖြစ် တစ်နေ့အနည်းဆုံး လုပ်ခဟု သတ်မှတ်ရန် အဆိုပြုထားသည့် ငွေပမာဏနှင့် ညီမျှသည်။ ထို့ကြောင့် စိတ်လှုပ်ရှားနေကြသော မြန်မာလူငယ် အများအပြားသည် KFC ကြက်ကြော်ဆိုင်ကို ရှားရှားပါးပါး ဇိမ်ခံရန် နေရာတစ်ခုဟု သဘောထားကာ မိုဘိုင်းဖုန်းများဖြင့် ဆယ်ဖီများရိုက်ကာ တပျော်တပါး ဖြစ်နေကြသည်ကို Facebook ၌ တွေ့မြင်ကြရသည်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဇူလိုင်လ ၁ ရက်၌ ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။ ဒေါ်လာတန်ဖိုး အားကောင်းနေခြင်း၊ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ ကျလာခြင်းတို့က မြန်မာနိုင်ငံ၏ ဘတ်ဂျက်နှင့် ပြည်ပငွေပေးငွေယူ အခြေအနေများကို ပိုမိုအားလျော့ လာစေနိုင်ကြောင်းနှင့် ချေးငွေများ အလျင်အမြန် တိုးပွားလာနေခြင်း၊ ဘတ်ဂျက်လိုငွေ ချဲ့ထွင်လာခြင်းနှင့် ကုန်သွယ်ရေး လိုငွေပြမှု မြင့်မားလာခြင်းတို့ကြောင့် ဈေးနှုန်းတည်ငြိမ်မှုနှင့် ပြည်ပနှင့် အပေးအယူ တည်ငြိမ်မှုတို့အပေါ် အန္တရာယ်ရှိလာနိုင်ကြောင်း ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာခြင်းသည် ကြိုဆိုလက်ခံသင့်သည့် ကိစ္စတစ်ရပ်ဖြစ်သည်။ သို့သော် စီးပွားရေး ကျဆင်းလာနိုင်သည့် အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရသော မြန်မာနိုင်ငံတွင် မြန်မာနိုင်ငံသားများအား အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုမျိုးနှင့် နှစ်ဦးနှစ်ဖက် ပိုမိုအကျိုးရှိစေမည့် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်ပါက ပိုမိုကောင်းမွန်လိမ့်မည်ဟု ယူဆပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဇူလိုင်လ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent