ယခင်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မှတ်တမ်းတင်ရန် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က လူ့အခွင့်အရေး စုံစမ်းရေးကော်မတီ ဖွဲ့စည်း

ယခင်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ မှတ်တမ်းတင်ရန် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့က လူ့အခွင့်အရေး စုံစမ်းရေးကော်မတီ ဖွဲ့စည်း
Published 16 January 2015
ကျော်ဇင်ဝင်း

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံမှစ၍ ယခင် စစ်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မှတ်တမ်းတင်ရန်နှင့် လက်ရှိအစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများအား အကူအညီပေးရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO) က လူ့အခွင့်အရေး ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။အဆိုပါ လူ့အခွင့်အရေးကော်မတီ ဖွဲ့စည်းခြင်း အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ရန်ကုန်မြို့ ယုဒသန်ခန်းမ၌ ကျင်းပခဲ့ပြီး နာယက လေးဦး၊ ဥက္ကဋ္ဌ တစ်ဦး၊ အတွင်းရေးမှူးအဖွဲ့ဝင် ခြောက်ဦးနှင့် စုစုပေါင်း အဖွဲ့ဝင် ၇၀ ဦးခန့်ဖြင့် ဖွဲ့စည်းခဲ့သည်။ယင်းလူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ (Investigative Committee on Violation of Human Right) ကို တစ်စုံတစ်ဦးအား အပြစ်ပေး အရေးယူရန်အတွက် မဟုတ်ဘဲ အနာဂတ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ မဖြစ်ပွားစေရေးနှင့် ကာကွယ်စောင့်ရှောက်နိုင်ရေးတို့ကို ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်သည်။ထို့ပြင် ကော်မတီ လုပ်ငန်းများအား အောက်ခြေကော်မတီ အဆင့်ဆင့် ဖွဲ့စည်းပြီး လူ့အခွင့်အရေး ချိုးဖောက်သည့် ကိစ္စရပ်များ ဖြစ်ပျက်သည့် ဒေသများသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။“လက်ရှိ လူ့အခွင့်အရေး အခြေအနေက မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးက ကျွန်တော်တို့ နေရာတိုင်းမှာလိုလို ချိုးဖောက်ခံရဆဲပါ။ ပြီးတော့ ကျွန်တော်တို့ လူ့အခွင့်အရေး စုံစမ်းရေး ကော်မတီကို ဖွဲ့စည်းတာက ပြီးခဲ့တဲ့ကာလက ချိုးဖောက်ခဲ့တဲ့ ဟာတွေကို စုံစမ်းဖော်ထုတ်တဲ့ အပြင်ကို လာမယ့်အနာဂတ်နဲ့ လက်ရှိကာလမှာလည်း ဒီလိုမျိုးဖြစ်ရပ်တွေ မဖြစ်စေနိုင်ရေး သင်ခန်းစာယူဖို့ အတွက်လည်း ဆောင်ရွက်တာ ဖြစ်ပါတယ်” ဟု ကော်မတီအတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။ထို့အတူ ယခုကဲ့သို့ လူ့အခွင့်အရေး ကော်မတီ ဖွဲ့စည်း၍ ယခင်အစိုးရလက်ထက် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဖော်ထုတ်ခြင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်မည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။“အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်တဲ့ ကိစ္စတစ်ခုကတော့ ဖြစ်ခဲ့ရတဲ့ ကိစ္စရပ်တွေကတော့ ရှိရမှာပဲလေ။ ဒါတွေက ပျောက်ပျက်သွားလို့ မဖြစ်ဘူး။ အရင်ကာလတွေတုန်းက ကျွန်တော်တို့တိုင်းပြည်မှာ နစ်နာခံခဲ့ရသူတွေ၊ လူမဆန်စွာ လုပ်ခဲ့တဲ့သူတွေ၊ ဒါတွေရဲ့ သမိုင်းတစ်ခုကို ဖော်ထုတ်ရမှာပဲ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကတော့ လုပ်ငန်းစဉ် တစ်ခုပါပဲ။ ဒါပေမဲ့ ဒီတစ်ခုတည်းနဲ့တင် မပြီးဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ နေရာမှာလည်း ပြီးခဲ့တဲ့ အတိတ်ကာလက ဟာတွေကို သူတို့လုပ်ခဲ့တဲ့သူတွေ အနေနဲ့ တာဝန်ယူရမယ်။ တာဝန်ခံရမယ်လေ” ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။UNDO ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြင်ပရောက် ပုဂ္ဂိုလ်များဖြင့် စက်တင်ဘာ ၂၇ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။အဆိုပါ ကော်မတီတွင် ရွှေဝါရောင် သံဃာတော်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ရှစ်လေးလုံး အရေးတော်ပုံတွင် ပါဝင်ခဲ့ကြသူများ၊ ကျောင်းသားခေါင်းဆောင်များ၊ လွှတ်တော်ပြင်ပ နိုင်ငံရေးအဖွဲ့အစည်းများ၊ ပြည်သူအကျိုးပြု လူမှုအဖွဲ့အစည်းများ၊ တရားရေးနှင့် ဥပဒေပညာရှင်များ၊ ဝါရင့် နိုင်ငံရေးသမားကြီးများ၊ ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်များ၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးသမားကြီးများ၊ အလုပ်သမားအရေးအခင်း ခေါင်းဆောင်များ၊ မှိုင်းရာပြည့်ခေါင်းဆောင်များ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် အဖွဲ့ဝင်များ၊ ကျွန်းဆွယ်အရေးအခင်း ခေါင်းဆောင်များ၊ ဦးသန့်အရေးအခင်း ခေါင်းဆောင်များ စသည်တို့ ပါဝင်ကြောင်း သိရသည်။   

Most Read

Most Recent