အမ်တီဗီ တေးဂီတဗီဒီယိုဆုပေးပွဲတွင် တေလာဆွစ်က အကောင်းဆုံးတေးသီချင်းဗီဒီယိုဆု၊ အကောင်းဆုံးအဆိုတော်ဆုအပါအဝင် ဆုအများအပြားဆွတ်ခူး

အမ်တီဗီ တေးဂီတဗီဒီယိုဆုပေးပွဲတွင် တေလာဆွစ်က အကောင်းဆုံးတေးသီချင်းဗီဒီယိုဆု၊ အကောင်းဆုံးအဆိုတော်ဆုအပါအဝင် ဆုအများအပြားဆွတ်ခူး
Photo: Rolling Stone
Photo: Rolling Stone
Published 14 September 2023

စက်တင်ဘာ ၁၂ ရက်ညပိုင်းက အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီပြည်နယ်ရှိ Prudential Center အားကစားရုံတွင်ကျင်းပခဲ့သည့် MTV Video Music Awards ဆုပေးပွဲတွင် တေလာဆွစ်က အဓိ ကဆုကြီးဖြစ်သည့် အကောင်းဆုံးတေးသီချင်း ဗီဒီယိုဆုကို Anti-Hero သီချင်းဖြင့် ရလိုက်သည်။သီချင်းက ဆွစ်၏ Midnights တေးအယ်လ်ဘမ်ထဲမှဖြစ်ပြီး ထိုဆုကို ယောကျ်ားလေးအဆိုတော်အဖွဲ့ NSYNC က ချီးမြှင့် ပေးခဲ့သည်။

ထို့ပြင် Anti-Hero က အကောင်းဆုံးသီချင်းဆု၊ အကောင်းဆုံးရိုက်ကူးညွှန်ကြားမှုဆုတို့ ရခဲ့သည်။ တစ်နှစ်တာအကောင်းဆုံး အဆိုတော်ဆုကလည်း ဆွစ်အတွက်ပင်ဖြစ်ခဲ့သည်။

ရက်ပ်အဆိုတော်အိုက်စပိုက်စ်က ယခုနှစ်အတွက်  အကောင်းဆုံးမျက်နှာသစ်အဆိုရှင်အဖြစ် ရွေးချယ်ခံရပြီး အကောင်းဆုံးကေ ပေါ့ဆုကို Stray Kids အဖွဲ့က S Class သီချင်းဖြင့် ဆွတ်ခူးသွားကာ အကောင်းဆုံး R&B ဗီဒီယိုဆုကို အဆိုတော် SZA က Shirt သီချင်းဖြင့် ရခဲ့သည်။

အသစ်ချီးမြှင့်သည့် Best Afrobeats ဆုကိုမူ နိုင်ဂျီးရီးယားရက်ပ်ဆိုအတော် ရီမာနှင့် ဆယ်လီနာဂိုးမတ်ဇ်တို့က Calm Down သီချင်းဖြင့် ရလိုက်သည်။

ဆုပေးပွဲတွင် ဖျော်ဖြေတင်ဆက်သူများအဖြစ် ဒမ်မီလက်ဗာတို ၊  အိုလီဗီယာရော့ဒရီဂို ၊ နစ်ကီမီနာ့ဂျ် ၊ ကာဒီဘီ ၊ ဒိုဂျာကတ်တို့လည်း ပါဝင်ခဲ့ကြပြီး နစ်ကီမီနာ့ဂျ်က အစီအစဉ်တင်ဆက်သူလည်းဖြစ်ကာ Super Freaky Girl သီချင်းက သူ့ကို အကောင်းဆုံးဟစ်ဟော့ဆု ရယူပေးခဲ့သည်။

ကိုလံဘီယာအဆိုတော် ရှကီရာနှင့် ကာရိုးလ်ဂျီတို့ တွဲဆိုထားသည့် TQG သီချင်းက  အတွဲအဖက်အကောင်းဆုံးဆု ဆွတ်ခူးသွားသည်။ထို့ပြင်ရှကီရာက Hips Don’t Lie နှင့်  Whenever, Whenever သီချင်းတို့လည်း တင်ဆက်သွားပြီး အခက်အခဲတိုင်းတွင် သူ့ဘက်မှ ရပ်တည်ပေးခဲ့မှုအတွက် ပရိသတ်ကို ကျေးဇူးတင်စကားဆိုခဲ့သည်။

Blackpink အဖွဲ့က Pink Venom သီချင်းဖြင့် အကောင်းဆုံးကကွက်ဖန်တီးမှုဆုရခဲ့ပြီး အကောင်းဆုံးအဆိုတော်အဖွဲ့ဆုကိုလည်း သူတို့ပင်သိမ်းပိုက်သွားသည်။ Song Of The Summer ဆုကိုမူ BTS အဖွဲ့ဝင် Jungkook ၏ လူကြိုက်များခဲ့သည့် Seven သီချင်းက ဆွတ်ခူးသွားခဲ့သည်။

Most Read

Most Recent