အင်ဒိုနီးရှားနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး

အင်ဒိုနီးရှားနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး
Published 6 September 2023

အင်ဒိုနီးရှားနှင့် မြန်မာစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာကို စက်တင်ဘာ ၅ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ သိရသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ ဦးဆောင်စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် အင်ဒိုနီးရှား-မြန်မာ စားပွဲဝိုင်းဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့ The Sultan Hotel ၌ ကျင်းပခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအတွက် သိသာထင်ရှားသော ခြေလှမ်းတစ်ရပ်ကို စတင်ခဲ့ကြသည်။

ဂျာကာတာမြို့တွင် ကျင်းပသည့် အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးအတွင်း ယင်းစားပွဲဝိုင်းဆွေးနွေးပွဲသည် နှစ်နိုင်ငံစလုံး၏ ခိုင်မာသောစီးပွားရေးဆက်ဆံရေးကို မြှင့်တင်ရန် ကတိကဝတ်ပြုခဲ့ခြင်းလည်းဖြစ်သည်။

“အာဆီယံသည် တိုးတက်မှု၏ ဗဟိုချက်ဖြစ်လာသည်နှင့်အမျှ မိမိတို့အနေနဲ့ မည်သူကိုမျှ နောက်ချန်မထားခဲ့ရန် သေချာပါတယ်။ အမျိုးမျိုးသောစက်မှုလုပ်ငန်းတွေမှာ အင်ဒိုနီးရှားနဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှု အများအပြားကို မျှော်မှန်းထားပါတယ်” ဟု ASEAN-BAC ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှား ကုန်သည်စက်မှုအသင်း (KADIN) ဥက္ကဋ္ဌဖြစ်သူ Mr. M.Arsjad Rasjid P.M. က ပြောကြားခဲ့သည်။

စားပွဲဝိုင်းဆွေးနွေးပွဲတွင် ကဏ္ဍအသီးသီး၌ အလားအလာရှိသော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများ၊ အရောင်းသွက်သုံးကုန်ပစ္စည်းများမှသည် အထည်ချုပ်လုပ်ငန်းများနှင့် စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများအထိပါဝင်ပြီး ငွေကြေးနှင့် ကုန်သွယ်မှုငွေပေးချေရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် ASEAN -BAC Myanmar ဥက္ကဋ္ဌဖြစ်သူ ဦးအေးဝင်းက “ဒေသတွင်း ပေါင်းစည်းရေးတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် စီးပွားရေးတည်ငြိမ်ရေးသည်  မြန်မာနိုင်ငံအတွက်သာမက အာဆီယံအတွက်ပါ အဓိကကျပါတယ်၊ KADIN ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများအတွက်အသိအမှတ်ပြုပါတယ်” ဟု ပြောကြားခဲ့သည်။

စီးပွားရေးဆိုင်ရာ ဆက်သွယ်မှုအားကောင်းရန်နှင့် အပြန်အလှန်တိုးတက်မှု မြှင့်တင်ရန် စုပေါင်းကတိကဝတ်များ ခိုင်မာစေရန်အတွက် KADIN နှင့် UMFCCI တို့အကြား နားလည်မှုစာချွန်လွှာ (MOU) ကို  လက်မှတ်ရေးထိုးခဲ့ကြသည်။

နားလည်မှုစာချွန်လွှာတွင် အသိပညာများနှင့် အကောင်းဆုံးအလေ့အကျင့်များမျှဝေခြင်း၊ ကွန်ဖရင့်များနှင့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးနှင့် စီမံကိန်းများတွင် ဦးစားပေးပူးပေါင်းဆောင်ရွက်ရေးတို့ပါဝင်သည်။

စားအုန်းဆီ အဓိကတင်ပို့သည့် အင်ဒိုနီးရှားသည် မြန်မာနိုင်ငံရှိ အိမ်ထောင်စုများစွာအတွက် စားနပ်ရိက္ခာဖူလုံရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။ အလားတူ အင်ဒိုနီးရှားနိုင်ငံအတွက် အဓိကစားနပ်ရိက္ခာဖြစ်သည့် ဆန်နှင့်ပဲမျိုးစုံတင်ပို့မှုသည် ကုန်သွယ်မှုဆက်ဆံရေးအတွက် အရေးကြီးသည့် အခန်းကဏ္ဍပင်ဖြစ်သည်။ 

စားနပ်ရိက္ခာဖူလုံရေး လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးကြောင်းလည်း ဆွေးနွေးပွဲတွင် အလေးပေးဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း (Chair, ASEAN-BAC Myanmar)၊ အသင်းချုပ်ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်(Member of ASEAN-BAC Myanmar)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးရဲမင်းအောင်၊ ဒေါက်တာဝင်းစည်သူ၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ အကျိုးဆောင်စာရင်းစစ် ဦးဝေဖြိုး၊ ဗဟိုအလုပ်အမှုဆောင် ဦးဇေယျသူရမွန်၊ အလုပ်အမှုဆောင် ဒေါ်ဖြူဖြူမြင့်နိုင်၊Senior Executive Adviser ဦးဇော်မင်းဝင်း၊ မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်တို့ တက်ရောက်ခဲ့သည်။

Most Read

Most Recent