MAI က ရုရှားသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်း

MAI က ရုရှားသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ် လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်း
Published 5 September 2023

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်း (MAI) က ရုရှားနိုင်ငံသို့ တိုက်ရိုက်ပျံသန်းသည့် ခရီးစဉ်သစ်အဖြစ် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်လေကြောင်းခရီးစဉ်သစ် စတင်ပျံသန်းခြင်း အခမ်းအနားအား ကျင်းပခဲ့သည်။

ပြည်ထောင်စုမြန်မာနိုင်ငံမှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲသည့် ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန်လေကြောင်းခရီးစဉ်စတင်ခြင်း အခမ်းအနားအား စက်တင်ဘာ ၅ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Terminal (1) CIP Lounge တွင် ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး(ကိုယ်စား) ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ဗှူးကြီး ဝင်းတင့်၊ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးချုပ် မျိုးမင်းထိုက်နှင့်အတူ ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းသံရုံးမှ တာဝန်ရှိသူများနှင့် MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူများနှင့်မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုဗိုစီဗစ်မြို့သို့ ပျံသန်းထွက်ခွာမည့် လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ထွက်ခွာခဲ့ပြီး မန္တလေးမြို့သို့ ၂ နာရီ ၁၀ မိနစ်တွင် ရောက်ရှိခဲ့ပြီး မန္တလေးတံတားဦးလေဆိပ်မှ ရုရှားနိုင်ငံ နိုဗိုစီဗစ်မြို့သို့ ညနေ ၄ နာရီတွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

“ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား နှစ်နိုင်ငံ ချစ်ကြည်ကူးလူးဆက်ဆံမှု ရေရှည်တည်တံ့ခိုင်မြဲပြီး ပိုမိုတိုးတက်လာစေဖို့ နှစ်ဖက်အစိုးရ ဌာနဆိုင်ရာများ၊ နှစ်နိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာဌာနများ၊ နှစ်နိုင်ငံရှိ Travel and Tour ကုမ္ပဏီတွေကလည်း ကျွန်တော်တို့နိုင်ငံရဲ့ ရှိပြီးသားရိုးရာအမွေအနှစ်များ၊ သဘာဝတောတောင်ရှုခင်းများ၊ ပင်လယ်ကမ်းခြေအလှတွေကို အသုံးပြုပြီး နှစ်နိုင်ငံခရီးသွားတွေ တိုးတက်လာစေဖို့ Promote လုပ်ဖို့ အထူးလိုအပ်ပါတယ်” ဟု MAI & Air KBZ မှ Director of Coporate Affairs ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းက ရန်ကုန်-မန္တလေး-နိုဗိုစီဗစ်-မန္တလေး-ရန်ကုန်လေကြောင်းခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့နှင့် စနေနေ့များတွင် တစ်ပတ်နှစ်ကြိမ် ပျံသန်းမည်ဖြစ်ပြီး ခရီးသည်များအနေဖြင့် ယခုခရီးစဉ်ရောက်ရှိမည့် နိုဗိုစီဗစ်မြို့မှ S7 လေကြောင်းလိုင်းဖြင့် မြို့တော်မော်စကိုအပါအဝင် အခြားသော ရုရှားနိုင်ငံတစ်ဝန်းသို့ ဆက်လက်သွားရောက်လည် ပတ်နိုင်မည်ဖြစ်ပြီး ရုရှားနိုင်ငံဘက်မှ ခရီးသွားများအနေဖြင့်လည်း ယခုခရီးစဉ်ဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသာမက MAI လေကြောင်းလိုင်းပျံသန်းနေသည့် အခြားသောအာဆီယံနိုင်ငံများကိုလည်း ချိတ်ဆက်လည်ပတ် ခရီးသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“MAI လေကြောင်းလိုင်းအနေနဲ့ ရုရှားနှင့် မြန်မာချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံသွားလာနိုင်ရေးအတွက် စီးပွားရေးအကျိုးအမြတ်ကို အဓိကမထားဘဲ နှစ်နိုင်ငံကုန်စည်စီးဆင်းမှုရှိစေဖို့၊ စီးပွားရေးဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းတွေ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာလုပ်ငန်းတွေ၊ ကျန်းမာရေးနဲ့ ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းတွေနဲ့ အခြားသောလုပ်ငန်းတွေကို နှစ်နိုင်ငံ ပြည်သူတွေ ဆက်သွယ်ဆောင်ရွက်နိုင်ရန် အခြေခံပေါင်းကူးတံတား တစ်စင်းအနေနဲ့ ယခုခရီးစဉ်အသစ်ကို စတင်ပျံသန်းခြင်းဖြစ်ပါတယ်” ဟု MAI & Air KBZ မှ Director of Coporate Affairs ဦးတင်မောင်သန်းက ပြောကြားခဲ့သည်။

Most Read

Most Recent