ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးသည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့်လုပ်ငန်းများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် MSME လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်ကြောင်း ကြေညာ

ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေးသည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့်လုပ်ငန်းများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် MSME လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်ကြောင်း ကြေညာ
ကိုဗစ်ချေးငွေထုတ်ချေးစဉ်က ကိုဗစ်ချေးငွေလာရောက်လျှောက်ထားသူများကို တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်ချေးငွေထုတ်ချေးစဉ်က ကိုဗစ်ချေးငွေလာရောက်လျှောက်ထားသူများကို တွေ့ရစဉ်(ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 29 August 2023

ပြည်တွင်းလိုအပ်ချက် ဖြည့်ဆည်းပေး သည့်လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့်လုပ်ငန်းများနှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့် MSME လုပ်ငန်းများ ချေးငွေလျှောက်ထားနိုင်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်က ကြေညာထားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့်အ လတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက် ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရန်နှင့် တန်းဖိုးမြှင့်သွင်းကုန် အစားထိုးထုတ်လုပ်ရေးလုပ်ငန်းအတွက် တစ်ဖက် တစ်လမ်းမှ အားပေးကူညီလျက်ရှိသည်။

MSMEလုပ်ငန်းများ၌ Value Added Production ထုတ်ကုန်များ၊ သွင်းကုန်အစား ထိုးထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများချေးငွေရရှိနိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ ချေးငွေလျှောက်ထားရန် အတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့် လုပ်ငန်းများ၊ သွင်းကုန်အစား ထိုးနိုင်သည့် လုပ်ငန်းများနှင့် ပြည်ပသို့တင်ပို့ ရောင်းချနိုင်မည့်လုပ်ငန်းများကို ချေးယူခွင့်ပြုသွားမည်ဖြစ်သည်။

(က) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောအခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်။ (ခ)ချေးငွေအား လုပ်ငန်း ဆက်လက်လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်လုပ်ငန်းဖြစ်ရမည်။ (ဂ)ကုမ္ပဏီ ဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးကမှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံ တင်စာရင်းမှပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီမဖြစ်စေရ။ ကုမ္ပဏီမဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်းမဖြစ်စေရ။ (ဃ)ဝင်ငွေခွန်/ကုန်သွယ်လုပ်ငန်းခွန်/အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီသို့မဟုတ် လုပ်ငန်းဖြစ်ရမည်။

(င)ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာ အဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်။ (စ)၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/လုပ်ငန်းလိုင် စင်ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။ (ဆ)လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။(ဇ)ဘဏ်တစ်ခုခုမှချေးငွေ ရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိသည့်လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန်ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်း ခံထားရသည့်ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများ မဖြစ်စေရဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီအရေး ယူဆောင်ရွက်မည်ဖြစ်သည်။

ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အဆိုပြု လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန် ဖော်ပြထားသည့် စာရွက်စာတမ်းအချက်အလက်များ ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်သည်။ သတ်မှတ်ချက်များနှင့် ပြည့်စုံကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို လက်ခံဆောင်ရွက်ပေး မည်မဟုတ်ကြောင်း သိရသည်။

လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၃၀  ရက်အထိ အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း အောက်ပါနေရာများ၌ လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံ ပလတ်စတစ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၊ မြန်မာနိုင်ငံအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း၊ မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆီကုန်သည် နှင့်ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ အလှကုန်အသင်း၊ မြန်မာစီးပွားရေးလုပ်ငန်း ရှင်အမျိုးသမီးများကွန်ရက်နှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းရုံးများသို့ လျှောက်လွှာတင်သွင်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent