မြန်မာနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းများ အထိုက်အလျောက် မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းသည် သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့်သည့် ငွေလဲလှယ်နှုန်းများမြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးများ မြင့်တက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား

မြန်မာနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းများ အထိုက်အလျောက် မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းသည် သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့်သည့် ငွေလဲလှယ်နှုန်းများမြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးများ မြင့်တက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ပြောကြား
Published 25 August 2023

မြန်မာနိုင်ငံ၌ ငွေကြေးဖောင်းပွမှုနှုန်းများ အထိုက်အလျောက် မြင့်တက်လျက်ရှိကြောင်း၊ ထိုသို့မြင့်တက်ရခြင်းမှာ လုပ်ခလစာမြင့်တက်ခြင်း၊ ငွေကြေးပမာဏမြင့်တက်ခြင်းနှင့် ဝယ်လိုအားမြင့်တက်မှုများ ကြောင့်မဟုတ်ဘဲ သွင်းကုန်တန်ဖိုးတွက်ချက်ရာတွင် တန်ဖိုးသင့်သည့် ငွေလဲလှယ်နှုန်းများမြင့်တက်မှုကြောင့် သွင်းကုန်တန်ဖိုးများ မြင့်တက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်က ပြောကြားသည်။

ကုန်သွယ်မှုလိုငွေ မြင့်မားခြင်းကြောင့် နိုင်ငံခြားငွေလိုအပ်ချက်များ များပြားလာရာမှတစ်ဆင့် ငွေလဲလှယ်နှုန်းများ မြင့်တက်လာခြင်းကြောင့် ကုန်စည်စျေးနှုန်းများ မြင့်တက်လာရကြောင်း၊ စားသုံးသူစျေးဆနှုန်းကိန်း Comsumer Price Index မြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချရာတွင် အတိုးနှုန်းမြှင့်တင် သော နည်းလမ်းကို ဆောင်ရွက်မည်ဆိုပါက နိုင်ငံအနေဖြင့် မေခရိုစီးပွားရေးအခြေခံအားနည်းသည့်အတွက် နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုး တက်မှုကို ထိခိုက်စေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် အတိုး နှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ထိုနည်းတူစွာ စီးပွားရေးတိုးတက်မှုကို တွန်းအားပေးဆောင်ရွက်ရန် လိုအပ်သောကြောင့် အတိုးနှုန်းမြှင့်တင်ခြင်းကို ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ သို့သော်လည်း နိုင်ငံ၏စီးပွားရေး တိုးတက်မှု မေခရိုစီးပွားရေးအခြေအနေအ ပေါ်မူတည်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှုပြီး အတိုးနှုန်းပြင်ဆင်ခြင်းကို လိုအပ်သလိုဆောင် ရွက်သွားရန်ရှိကြောင်း ၎င်းကဆိုသည်။

ဘဏ်လုပ်ငန်းကဏ္ဍ၏ ငွေကြေးအခြေအနေမှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလနောက်ပိုင်းတွင် ကောင်းမွန်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းကို သွယ်ဝိုက်သောနည်းဖြင့် ထိန်းချုပ်နိုင်ရန် ဘဏ်များတွင် မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေ အချိုးသတ်မှတ်ချက် ၃ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းကို တိုးမြှင့်သတ်မှတ်ပေးခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် မေလတွင် ယင်းကိစ္စကို ဆောင်ရွက်ခဲ့ပြီး တစ်ဖက်တွင်လည်း ဘဏ်များ၏ လုပ်သာကိုင်သာရှိစေရန် ဘဏ်များအနေဖြင့် ဗဟိုဘဏ်တွင်ထားရှိသည့်စာရင်း ရှင်အပ်ငွေစာရင်းများရှိကြောင်း၊ စာရင်းရှင်အပ်ငွေများထားရှိရမည့် အနည်းဆုံးသီးသန့် ငွေအချိုးသတ်မှတ်ချက်ထက် ကျော်လွန်သော ပိုလျှံသီးသန့်ငွေအပေါ် အတိုးပေးခြင်းကို ၂၀၂၂  ခုနှစ် အောက်တိုဘာလမှစပြီး ဆောင်ရွက်ပေးခဲ့ကြောင်း၊ လက်ရှိတွင်ဘဏ်များ၏ ငွေကြေးလည်ပတ်မှုအခြေအနေကောင်းမွန်ပြီး ငွေထုတ်သူများအား ကန့်သတ်ချက်များ ဖြေလျှော့ပြီး လက်ရှိတွင် ဆောင်ရွက်ပေးနေကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာလင်းအောင်ကဆိုသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စတုတ္ထသုံးလပတ်ဖြစ်သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှ မတ်လအတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်းအထိ  မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေး ဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၁၈ ဒသမ ၄၅  ရာခိုင်နှုန်းဖြစ်ပြီး နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၁၈ ဒသမ ၄၆ ရာခိုင်နှုန်း ဖြစ်သည်။ ဒုတိယသုံးလပတ်အတွင်း  ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation)မှာ ၂၇ ဒသမ ၉၈  ရာခိုင်နှုန်းဖြစ် ပြီးနှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ ၂၈ ဒသမ ၀၄ ရာခိုင် နှုန်းဖြစ်သည်။ တတိယသုံးလပတ်အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှငွေကြေးဖောင်းမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိပြီး နှစ်အလိုက်ငွေ ကြေးဖောင်းပွမှုနှုန်း ၃၄ ဒသမ ၉၇ ရာခိုင်နှုန်းရှိသည်။ စတုတ္ထသုံးလပတ်အတွင်း ပျမ်းမျှငွေ ကြေးဖောင်းမှုနှုန်း ၂၇ ဒသမ ၅၁ ရာခိုင်နှုန်း ရှိပြီး နှစ်အလိုက် ငွေကြေး ဖောင်းပွမှုနှုန်း ၂၇ ဒသမ ၅၀ ရာခိုင်နှုန်းရှိသည်။

တစ်နိုင်ငံလုံးအတွက် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို ပြောင်းလဲတွက်ချက်တင်ပြနိုင်ရန် ၂၀၁၂ ခုနှစ် နိုဝင်ဘာတွင် ဗဟိုစာရင်းအင်းအဖွဲ့သည် အိမ်ထောင်စုဝင်ငွေနှင့် စားသုံးမှုစစ်တမ်းကို မြို့နယ် ပေါင်း ၈၂ မြို့နယ်တွင် နမူနာအိမ်ထောင် စုပေါင်း ၃၂၆၆၉  ကို စစ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။

သို့သော်လည်း လက်ရှိအချိန်တွင်မူ ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေကို မြန်မာနိုင်ငံ၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့ကို ၂၀၁၇ ခုနှစ် အခြေခံနှစ် ပြောင်းလဲတွက်ချက်လျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent