သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီစျေးနှုန်း မြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့်နည်းလမ်းများ ရှာဖွေခြင်းနှင့် ၀ိသမလောဘသမားများ၏ စျေးကစားမှု ရှိ-မရှိ စုံစမ်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား

သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီစျေးနှုန်း မြင့်တက်ခြင်း၊ ကြားခံအဆင့် များပြားခြင်းကို လျှော့ချနိုင်မည့်နည်းလမ်းများ ရှာဖွေခြင်းနှင့် ၀ိသမလောဘသမားများ၏ စျေးကစားမှု ရှိ-မရှိ စုံစမ်းရန် ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 25 August 2023

သယ်ယူစရိတ်ကြီးမြင့်စေသည့် စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့်များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်းနှင့် ၀ိသမလောဘသမားများ၏ စျေးကစားမှု ရှိ-မရှိကို စုံစမ်းခြင်းများ ဆောင် ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က သြဂုတ် ၂၃ ရက်က ကျင်းပသည့် ပြည်ထောင်စုကုန်စျေးနှုန်းတည်ငြိမ်ရေးကော်မတီ (၁/၂၀၂၃) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီဥက္ကဋ္ဌ၊  ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကော်မတီ အနေဖြင့် ပြည်သူများ၏ စားရေးအတွက် အဓိကကျသည့် ဆန်၊ ဆီနှင့် အခြေခံစား သောက်ကုန်စည်စျေးနှုန်းများ တည်ငြိမ်ရေးကို  ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက် လက်တွေ့ကျပြီး အမှန်တကယ်ထိ ရောက်အကျိုးရှိမည့် နည်းလမ်းများကို အသုံးပြုပြီး သက်ဆိုင်ရာကော်မတီများ၊ ဌာနဆိုင် ရာအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအသင်းအဖွဲ့ များနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်ပစ္စည်း တစ်မျိုးစီ၏ ပြည်တွင်းစားသုံးမှု လိုအပ်ချက်နှင့် ပြည်တွင်းထုတ်လုပ်နိုင်မှု ပမာဏတို့ကို ချိန်ဆပြီး လိုအပ်သည့် မူဝါဒများ ချမှတ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအလိုက်ကုန်စျေးနှုန်းများ တည်ငြိမ်စေရန်အတွက် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အစိုးရအဖွဲ့အစည်းများ အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုန်ပစ္စည်းထွက်ရှိရာဒေသများမှ စားသုံးသည့် ဒေသများသို့ သယ်ဆောင်ရာတွင် သယ်ယူစရိတ် ကြီးမြင့်စေသည့် စက်သုံးဆီစျေးနှုန်းမြင့်တက်ခြင်း၊ ကြားခံအဆင့်များပြားခြင်းကို လျှော့ချနိုင်မည့် နည်းလမ်းများ ရှာဖွေခြင်း၊ ကုန်စည်အဝင်/အထွက်မျှတမှုရှိ-မရှိနှင့် ၀ိသမလောဘသမားများ၏ စျေးကစားမှု ရှိ-မရှိကို စုံစမ်းစိစစ်ခြင်းများ ဆောင်ရွက်နိုင် ရေးညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ကုန်စျေးနှုန်းတည်ငြိမ်မှုပျက်ပြားစေမည့် ကိစ္စရပ်များအား ဥပဒေနှင့်အညီကြီးကြပ် ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးစျေးနှုန်းမြင့်တက်ခြင်း၊ စျေးကစားခြင်းနှင့် စျေးကွက်အတွင်း ပစ္စည်းပြတ်လပ်ခြင်းများမဖြစ်ပေါ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားရန်လည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၊ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန် ဆန်စေရေး ဗဟိုကော်မတီ၊ ရွှေနှင့်ငွေကြေး စျေးကွက်စောင့်ကြည့်ထိန်း သိမ်းကြပ်မတ်ရေးလုပ်ငန်းကော်မတီ၊ စက်သုံးဆီတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီနှင့် သက်ဆိုင်ရာအစိုးရဌာန/အဖွဲ့ အစည်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်အောက်ရှိ သက်ဆိုင်ရာညီနောင်အသင်းများနှင့် ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အထွေထွေကုန်စည်စျေးနှုန်းမြင့်တက်လာပါက ငွေကြေးဖောင်းပွမှုနှုန်းလည်း မြင့်တက်လာမည်ဖြစ်ကြောင်း၊ အခြေခံစားကုန်ထုတ်လုပ်ရာတွင် အဓိကကျသည့် လယ်ယာကဏ္ဍနှင့် မွေးမြူရေးကဏ္ဍတို့တွင် ထုတ်လုပ်မှုတိုးတက်လာစေရန်အတွက် လိုအပ်သည့် ပံ့ပိုးမှုများပေးခြင်း၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကို အားပေးခြင်း စသည့်စည်းရုံးရေးနှင့် စီးပွားရေးနည်းလမ်းများဖြင့် ဆွဲဆောင်မှုပေးရန်လို အပ်ကြောင်း၊ လက်ရှိဆန်စျေး၊ စားအုန်းဆီစျေးနှုန်းများမြင့်တက်နေခြင်းကို စနစ်တကျ စိစစ်သုံးသပ်လေ့လာပြီး ထိထိရောက်ရောက် စီမံကြပ်မတ်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အလိုက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကုန်စျေးနှုန်းတည်ငြိမ်အောင် တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု ကုန်စျေးနှုန်း တည်ငြိမ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကုန်စျေးနှုန်းတည်ငြိမ်ရေးအတွက်ယခင် ဆောင်ရွက်ခဲ့မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကော်မတီအဖွဲ့ဝင်များက မိမိတို့ဒေသ/ဌာနနှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးနှင့်ကုန်စျေးနှုန်းတည်ငြိမ်စေရေး ဆောင်ရွက်နေမှုအခြေအနေများကို ဆွေးနွေးတင်ပြကြသည်။

Most Read

Most Recent