ညီညွတ်ရေး

ညီညွတ်ရေး
Published 14 June 2023

“တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သားလူထုညီညွတ်ရေး အဲဒီ ညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသည်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်။ အဲ့ဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့ မပျက်ပြားပါစေနဲ့။ ဘယ်သူက ဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲ့ဒါ အင်မတန်အရေးကြီးပါတယ်”

၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ ရက်က မြို့တော်ခန်းမကြီး၌ ဗိုလ်ချုပ်အောင်ဆန်း နောက်ဆုံးပြောကြားခဲ့သည့် မိန့်ခွန်း

 

ကိုလိုနီခေတ်က မဟာဗျူဟာမြောက်သော ဗြိတိသျှတို့၏ အုပ်ချုပ်ရေးတွင် သွေးခွဲကာအုပ်ချုပ်သည့် မူဝါဒကို ကျင့်သုံးခဲ့သည်။ ပြည်နယ်များ၊ ဒေသများကို သွေးကွဲမှုများဖြစ်စေပြီး အပေါ်စီးမှနေ၍ ဖိနှိပ်ခြယ်လှယ်အုပ်စိုးခဲ့သည်။ ပြည်နယ်များ၊ ဒေသများ၊ တိုင်း ရင်းသားလူမျိုးစုများကို အချင်းချင်းပဋိပက္ခဖြစ်စေခြင်း၊ ညီညွတ်မှုပျက်ပြားစေခြင်းနှင့် ဖရိုဖရဲဖြစ်စေခြင်းတို့ ပြုလုပ်လျက် ယင်းကိုအခွင့်ကောင်းယူကာ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခဲ့သည်။

သမိုင်းက ညီညွတ်မှု၏အရေးပါပုံကို သင်ကြားပေးခဲ့ပြီးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံသည် ညီညွတ်နေပါက မည်သည့်အရာကမျှ မတည်မငြိမ်ဖြစ်အောင် ကိုင်လှုပ်၍မရပေ။ မညီညွတ်ခြင်းသည် အရှိန်အဝါကောင်းသော ရန်လိုသောအင်အားစုများနှင့် ရင်ဆိုင်ရပါက နိုင်ငံကို အစိတ်စိတ်အမြွှာမြွှာ ကွဲစေနိုင်သည်။ အမေရိကန်သမ္မတဟောင်း အီဗရာ ဟင်လင်ကွန်းက အမေရိကန်ပြည်တွင်းစစ်မတိုင်မီတစ်ရက်က “ကွဲနေတဲ့ အိမ်တစ်အိမ်ဟာ မရပ်တည်နိုင်ဘူး” ဟု ပြောကြားကာ ငွေဝယ်ကျွန်ကိစ္စနှင့်ပတ်သက်၍ သဘောထားကွဲနေသော အမေရိကမြောက်ပိုင်းနှင့် တောင်ပိုင်းကို ညီညွတ်ကြရန်အတွက် အမေရိကန်ပြည်သူများကို ပန်ကြားခဲ့သည်။

ဘဝ၏ အခြေအနေရပ်တိုင်း၌လည်း ညီညွတ်ရေးသည် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည်။ တစ်စုံတစ်ဦးသည် မိမိကိုယ်ကျိုးကိုသာကြည့်လျက် အသင်းတစ်ခုလုံး၏ အကျိုးစီးပွားအစား မိမိကိုယ်တိုင်၏ အောင်မြင်မှုအတွက်သာ စဉ်းစားနေပါက အဆိုပါအသင်းသည် ပျက်စီးသွားနိုင်သည်။ လုပ်ငန်းလုပ်ဆောင်ရာတွင် သတ်မှတ်ထားသည့်အချိန်အတွင်း ထုတ်လုပ်မှုဆိုင်ရာ ရည်မှန်းချက်များပြည့်မီရေးအတွက် အသင်းစိတ်ဓာတ်ရရှိရန် အားလုံးသည် ခေါင်းဆောင်များလိုအပ်ကြောင်း လုပ်ငန်းလုပ် ဆောင်ရေး အခြေခံသဘောတရားရှိသည်။ TEAM ဟူသည့် ဝေါဟာရသည် Together, Everyone Achieves More ဟူသည့် စကားရပ်ကို ကိုယ်စားပြုသည်။

ညီညွတ်ရေးနှင့်ပတ်သက်၍ အများကြားဖူးနေကျ ထင်ရှားသော ပုံပြင်တစ်ပုဒ် ရှိသည်။ မိသားတစ်စု၌ အမြဲတမ်းရန်ဖြစ်နေသော သားငါးယောက် ရှိသည်။ ဖခင်ဖြစ်သူက တုတ်ချောင်းငါးချောင်းကိုယူကာ စည်းလျက် သားအကြီးဆုံးကို ချိုးစေသည်။ ကျိုးအောင် မချိုးနိုင်ပါ။ ထို့နောက် သားတစ်ယောက်စီကို တစ်ချောင်းစီပေးလျက် ချိုးစေသောအခါ အားလုံးကိုယ်စီ အလွယ်တကူချိုးနိုင်ကြသည်။ ထိုအခါ ဖခင်ဖြစ်သူက သားများကို “ဘဝ မှာ လူတွေဟာ မိသားတစ်စုအဖြစ် ညီညွတ်ပြီး အသင်းအဖွဲ့တစ်ခုအဖြစ် အလုပ်လုပ်ကြမယ်ဆိုရင် အံ့ဖွယ်အောင်မြင်မှုရနိုင်တယ်။ မညီညွတ်ရင်တော့ အင်အားကြီးတဲ့ပြိုင်ဘက်က အားနည်းချက်ကို အခွင့်ကောင်းယူသွားမှာပဲ” ဟု ပြောကြားခဲ့သည်။

ထို့ကြောင့် နိုင်ငံတစ်နိုင်ငံတွင် ညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်ပြီး ညီညွတ်ရေးမရှိဘဲ မည်သည့်နိုင်ငံ တိုးတက်ရာတိုးတက်ကြောင်းကိုမျှ ကောင်းစွာလုပ်ဆောင်နိုင်မည် မဟုတ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇွန် ၁၅ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent