အပြောင်းအလဲနှင့် စီမံခန့်ခွဲမှု

အပြောင်းအလဲနှင့် စီမံခန့်ခွဲမှု
Published 19 May 2023

“ပြောင်းလဲမှုနှေးကွေးခြင်းသည်မှာ များသောအားဖြင့် အသစ်ကိုကြောက်ရွံ့ခြင်းကို ဆိုလိုသည်။”

ဖိလစ်ခရော့စ်ဘီ  (၁၉၂၆ - ၂၀၀၁)

အမေရိကန်လုပ်ငန်းရှင်

(စီမံခန့်ခွဲမှုသီအိုရီနှင့် အရည်အသွေးစီမံခန့်ခွဲမှုအလေ့အကျင့်များကို ပံ့ပိုးပေးခဲ့သော စာရေးဆရာလည်း ဖြစ်သည်)

အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လုပ်ဆောင်ရည်တိုးတက်ရန်၊ အခွင့်အလမ်းများ ရရှိရန်နှင့် အဓိကအကြောင်းအရာများကို ထည့်သွင်းရန်တို့အတွက် အပြောင်းအလဲများ ပြုလုပ်ရန် လိုအပ်လာတတ်သည်။ လုပ်ငန်းစဉ်များ ပြောင်းလဲခြင်း၊ အလုပ်အကိုင်အခန်း ကဏ္ဍများပြောင်းလဲခြင်း၊ အဖွဲ့အစည်း၏ ဖွဲ့စည်းပုံနှင့် အမျိုးအစားများ ပြောင်းလဲခြင်း၊ နည်းပညာများ ပြောင်းလဲခြင်း အစရှိသဖြင့် အပြောင်းအလဲများ လိုအပ်၍လာတတ်သည်။ မည်သို့ပင်ဆိုစေကာမူ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ ဝန်ထမ်းများက ၎င်းင်းတို့၏ အလုပ်လုပ်ပုံများကို ပြောင်းလဲရခြင်း ဖြစ်သည်။ အဆိုပါ ဝန်ထမ်းတစ်ဦးချင်းအလိုက် မပြောင်းလဲနိုင်လျှင်သော်လည်းကောင်း၊ အလုပ်လုပ်ပုံ နည်းလမ်းအသစ်ကို လေ့လာသင်ယူကျင့်သုံးမှု မပြုနိုင်လျှင်သော်လည်းကောင်း ယင်းအပြောင်းအလဲများ အောင် မြင်နိုင်မည် မဟုတ်ပါ။ သက်ဆိုင်ရာဝန်ထမ်းများ အပြောင်းအလဲကို လိုလိုလားလား ပွေ့ဖက်ကာ နည်းလမ်းသစ်များနှင့် လိုက်လျောညီထွေပြုနိုင်မှသာလျှင် မျှော်လင့်ထားသော ရလဒ် ရရှိမည်ဖြစ်သည်။

အပြောင်းအလဲအတွက် စီမံခန့်ခွဲမှု (CM) ဟူသည် အဖွဲ့အစည်း၏ အောင်မြင်မှုနှင့် ရလဒ်ကောင်းများဆီသို့ မောင်းနှင်နိုင်ရေးအတွက် အပြောင်းအလဲကို အောင်မြင်စွာ လိုက်လျောညီထွေပြုနိုင်ရန် ပြင်ဆင်ပုံ၊ လိုအပ်သည့် လက်နက်ကိရိယာများ တပ်ဆင်ပုံနှင့် တစ်ဦးချင်းကို ထောက်ပံ့ကူညီပုံတို့အတွက် လမ်းညွှန်သည့် လုပ်ထုံးလုပ်နည်းများဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်ခဲ့သည့် သုတေသနများအရ တစ်ဦးချင်းအလိုက် ပြောင်းလဲမှုများ၌ လူတို့အပေါ် သြဇာသက်ရောက်နိုင်သည့် ဆောင်ရွက်ချက်များရှိကြောင်း သိရသည်။ CM သည် အဖွဲ့အစည်း အတွင်းရှိ လူတစ်ဦးချင်းအနေဖြင့် ၎င်းတို့၏ လက်ရှိ အနေအထားများမှ အနာဂတ်တွင်ရှိရမည့် အနေအထားများဆီသို့ ရွေ့လျားရာ၌ ထောက်ကူပေးရန် ဖွဲ့စည်း တည်ဆောက်ပုံဆိုင်ရာ ချဉ်းကပ်ပုံတစ်ရပ်ကို ပေးနိုင်သည်။ လူသားတို့၌ သဘာဝတရားအရ အပြောင်းအလဲကို ငြင်းဆန်သည့် စိတ်ပိုင်းဆိုင်ရာနှင့် ဇီဝကမ္မဗေဒ ပိုင်းဆိုင်ရာ တုံ့ပြန်မှုများရှိသော်လည်း လူသားတို့တွင် အမှန်တကယ်၌ အပြောင်းအလဲများကို အလိုက်သင့် တွန်းလှန်လွတ်မြောက်နိုင်စွမ်း ရှိကြသည်။ လူသားတို့အား အပြောင်းအလဲကာလတစ်လျှောက် လိုအပ်သောထောက်ကူမှုများ ပေးနိုင်ပါက အံ့သြဖွယ်ကောင်းလောက်အောင် အပြောင်းအလဲကို လိုက်လျောညီထွေပြုနိုင်ကာ အောင်မြင်မှုရရှိနိုင်သည်။

တစ်ဦးချင်းဆိုုင်ရာ CM သည် လူများအနေဖြင့် အပြောင်းအလဲကို တွေ့ကြုံခံစားပုံနှင့် အောင်မြင်စွာ ပြောင်းလဲနိုင်ရန်အတွက် လိုအပ်ချက်များအား နားလည်ထားရန် လိုအပ်သည်။ ၎င်းအပြင် အောင်မြင်သော အပြောင်းအလဲတစ်ရပ် ပြုလုပ်ရန် လူတို့အား ကူညီနိုင်သည့် အချက်များကို သိရှိထားရန်လည်း လိုအပ်သည်။ ယင်းတွင် မည်သည့်အချိန်၌ မည်သူ့ထံမှ မည်သည့်မက်ဆေ့ချ်များ ရရှိရန်လိုအပ်ပုံ၊ တစ်စုံတစ်ဦးအား ကျွမ်းကျင်မှုအသစ်တစ်ရပ်ကို သင်ကြားပေးရန် အကောင်းဆုံးအချိန်ကိုသိရှိပုံ၊ အပြုအမူအသစ်များကို သရုပ်ပြ သင်ကြားပေးပုံနှင့် မည်သည့်အရာက လူတစ်ဦး၏ အလုပ်၌ အပြောင်းအလဲများ ဖြစ်စေပုံတို့ ပါဝင်သည်။ တစ်ဦးချင်းဆိုင်ရာ CM သည် တစ်ဦးချင်းအလိုက် ပြောင်းလဲရန်အတွက် လုပ်ဆောင်နိုင်သည့် လုပ်ငန်းမူဘောင်များကို ချမှတ်ရန် စိတ်ပညာနှင့် အာရုံကြောသိပ္ပံပညာတို့ကဲ့သို့သော ဘာသာရပ်များမှနေ၍ သဘောတရားများ ထုတ်ယူထားခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အပြောင်းအလဲပြုလုပ်ရန် လိုအပ်လာသည့်အခါ အပြောင်းအလဲ ပြုလုပ်ရမည်ဖြစ်သော်လည်း အောင်မြင်သော ရလဒ်ရရှိရန်အတွက် အပြောင်းအလဲအတွက် စီမံခန့်ခွဲမှုက လွန်စွာအရေးကြီးသည်ကို သတိပြုရန်လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent