ရုပ်ရှင်များ၏ သက်ရောက်မှု

ရုပ်ရှင်များ၏ သက်ရောက်မှု
Published 5 May 2023

“ရုပ်ရှင်ဆိုတာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းနဲ့ပတ်သက်ပြီး ရောင်ပြန်ဟပ်ပြမှုတစ်ရပ်ပါပဲ။”

ရှိုရာအက်ဂဒါလိုဖွား - ၁၉၅၂ ခုနှစ် (အသက် ၇၀)၊

အီရန် - အမေရိကန် ရုပ်ရှင်မင်းသမီး

အမေရိကန်ပြည်ထောင်စု ဒေတန်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ တွဲဖက်ပါမောက္ခ တစ်ဦးဖြစ်သည့် မီရှယ်စီပေါက်ဇ်သည် မကြာသေးမီက ရုပ်ရှင်များ၏ ရိုက်ခတ်ချက်နှင့်ပတ်သက်၍ လေ့လာချက်တစ်ရပ် ပြုလုပ်ခဲ့သည်။ ပေါက်ဇ်သည် မစ်ဝက်စ်တန်းကောလိပ်မှ ကျောင်းသားများကို Argo နှင့် Zero Dark Thirty ဟူသည့် ရုပ်ရှင်ကားများကို ပြသခဲ့ပြီး မပြရသေးမီနှင့် ပြသပြီးနောက် အစိုးရအပေါ် ၎င်းတို့၏ အမြင်များကိုမေးမြန်းကာ စစ် တမ်းကောက်ယူခဲ့သည်။ ထိုအခါ ပါဝင်သူများ၏ ရာခိုင်နှုန်း ၂၀ မှ ၂၅ ရာခိုင်နှုန်းသည် ရုပ်ရှင်ကားများကို ကြည့်ပြီးနောက် အမြင်များ ပြောင်းလဲသွားကြောင်း တွေ့ရှိရသည်။ ၎င်းတို့သည် အစိုးရအပေါ် ယုံကြည်မှု ပိုမိုမြင့်မားလာပြီး နိုင်ငံ၏လားရာနှင့်ပတ်သက်၍ အထွေထွေသဘောအရ အကောင်းမြင်လာကြသည်။

အဆိုပါရုပ်ရှင်များတွင် အစိုးရကို အတတ်နိုင်ဆုံး မှိန်ဖျော့လျက်သာ ပုံဖော်ထားခြင်း ဖြစ်သည်။ သို့သော် ဇာတ်ကောင်နှစ်ဦးဖြစ်သော Argo ၌ တိုနီမန်းဒက်ဇ် (ဘင်အက်ဖလက်) နှင့် Zero Dark Thirty ၌ မာယာ (ဂျက်စီကာချက်စတိန်း) တို့အား အလုပ်ကြိုးစားပြီး ဆုံးဖြတ်ချက် ပြတ်သားသူများအဖြစ် ပုံဖော်ထားသည်။ ဒေါက်တာပေါက်ဇ်က ငယ်ရွယ်သူများအနေဖြင့် ရုပ်ရှင်များ၏ လွှမ်းမိုးမှု ပိုမိုခံရဖွယ်ရှိသည်ဟုလည်း ယုံကြည်ထားသည်။ သူက “ပိုပြီးငယ်ရွယ်တဲ့သူတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေဟာ အသက်ပိုကြီးတဲ့သူတွေထက် ရုပ်ရှင်တွေရဲ့ လွှမ်းမိုးမှုကို ပိုပြီးခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က လောကအမြင်တွေကို ပုံဖော်နေဆဲဖြစ်ပြီး သူတို့အသိက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့်ပါ။ သူတို့က နိုင်ငံရေးအသိကို နေသားကျအောင် တည်ဆောက်နေဆဲဖြစ်တာကြောင့် သူတို့အနေနဲ့ ရုပ်ရှင်တွေအပါအဝင် သြဇာလွှမ်းမိုးမှုအားလုံးကို ပိုပြီးလက်ခံလွယ်တာကြောင့်ပါ” ဟုဆိုသည်။

ရုပ်ရှင်လုပ်ငန်းသည် အလျင်အမြန် ကြီးထွားတိုးတက်လာပြီး ယဉ်ကျေးမှုတိုင်းနှင့် ကမ္ဘာပေါ်ရှိ နေရာတိုင်း၌ လူတို့၏ စိတ်ဝင်စားမှုကို ရရှိခဲ့သည်။ ရုပ်ရှင်များသည် ကြည့်သူတို့၏ အမြင်များကို ပြောင်းလဲစေခြင်း၊ တစ်စုံတစ်ဦး သို့မဟုတ် တစ်စုံတစ်ရာအပေါ် တိမ်းညွှတ်သွားစေခြင်းတို့ဖြင့် လူမှုယဉ်ကျေးမှုကို ပုံသွင်းသည့် ကိရိယာများ ဖြစ်လာကြသည်။

၎င်းအပြင် ရုပ်ရှင်များသည် ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများအပေါ်လည်း ရိုက်ခတ်ချက်များရှိလာသည်။ ကိုယ်ကျင့်တရားဆိုင်ရာနှင့်ပတ်သက်သည့် အမြင်များကိုလည်း သြဇာလွှမ်းမိုးလာတတ်သည်။ ဥပမာအားဖြင့် ရုပ်ရှင်အများအပြားသည် ချမ်းသာသော ဇာတ်ကောင်များနှင့် အထက်တန်းကျကျ နေထိုင်မှုများကို ဖော်ပြလေ့ရှိကြသည်။ ရုပ်ရှင်အချို့သည် ငွေကြေး၏ အရေးပါပုံကို အလွန်အကျွံဖော်ပြလျက် ကြည့်သူတို့အား ကိုယ်ကျင့်တရားဆိုင်ရာ စံတန်ဖိုးများကို လျစ်လျူပြုကာ ငွေကြေးသည်သာ အရေးအကြီး ဆုံးဟူသည့် အမြင်များဖြစ်ပေါ်အောင် တွန်းပို့သကဲ့သို့ဖြစ်စေသည်။ သို့သော် ငွေနောက်လိုက်ခြင်းနှင့်ပတ်သက်၍ သင်ခန်းစာပေးသော ရုပ်ရှင်များကိုလည်း တွေ့နိုင်သည်။

ရုပ်ရှင်များသည် လူ့အဖွဲ့အစည်းအမြင်အပေါ် ရိုက်ခတ်ချက်ရှိသကဲ့သို့ လူ့အဖွဲ့အစည်း၏ အမြင်ကလည်း ရုပ်ရှင်များအပေါ် ပြန်လည်ရိုက်ခတ်ချက်ရှိသည်။ ထို့ကြောင့် ရုပ်ရှင်များ ရိုက်ကူးရာ၌ လူ့အဖွဲ့အစည်းအပေါ် ကောင်းကျိုးဖြစ်စေသော အမြင်များ လွှမ်းမိုးနေရန် လိုအပ်ပြီး လူ့အဖွဲ့အစည်းအပေါ် ဆိုးကျိုးဖြစ်စေမည့် အမြင်များကို ဂရုပြု ရှောင်ရှားသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

မေ ၆ ရက်နေ့ထုတ် The Daily Eleven သတင််းစာ၏ အယ်ဒီတာ့အာဘော်

Most Read

Most Recent