မြန်မာ့မီးရထားက ခရီးသည်များ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် ဧပြီ ၇ ရက် မှစတင်ကာ ရန်ကုန်-နေပြည်တော်-မန္တလေး လေအိတ်အဆန် အထူးအမြန်ရထားခရီးစဉ်အား ပြေးဆွဲခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားက သင်္ကြန်ကာလအတွင်း ခရီးသည်များအဆင်ပြေလွယ်ကူစွာ သွားလာနိုင်ရန် ဧပြီ ၇ ရက်မှစတင်ကာ ရန်ကုန်မြို့မှ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင် နှင့် ပြည်မြို့များသို့ အထူးရထားခရီးစဉ်များ ပြေးဆွဲမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့မီးရထားက ပြေးဆွဲမည့် သင်္ကြန် အထူးရထားခရီးစဉ်များမှာ ရန်ကုန်-မန္တလေး-ရန်ကုန်၊ နေပြည်တော်-ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-ပြည်-ရန်ကုန်နှင့် ရန်ကုန်-မော်လမြိုင်-ရန်ကုန်ခရီးစဉ်များကိုပုံမှန်ရထားများအပြင် အထူးရထားများပြေးဆွဲမည် ဖြစ်သည်။
သင်္ကြန်အထူးရထားခရီးစဉ်များအနေဖြင့် ဧပြီ ၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်နှင့် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၈ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး -ရန်ကုန်၊ ရန်ကုန်-မော်လမြိုင်၊ မော်လမြိုင်၊ ရန်ကုန်-ပြည်နှင့် ပြည်-ရန်ကုန်အထူးရထားများကိုလည်းကောင်း၊ ဧပြီ ၁၇ ရက်တွင် ရန်ကုန်-မန္တလေး၊ မန္တလေး-ရန်ကုန်၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်၊ မော် လ မြိုင်၊ ရန်ကုန်-ပြည်နှင့် ပြည်-ရန်ကုန် အထူးရထားခရီးစဉ်များကိုလည်းကောင်း ပြေးဆွဲသွားမည်ဖြစ်သည်။
အဆိုပါနေ့ရက်များအပြင် ခရီးသွားပြည်သူများ လိုက်ပါစီးနင်းမှုပေါ်မူတည်ကာ လိုအပ်ပါက ဧပြီ ၉ ရက်နှင့် ဧပြီ ၁၈ ရက်တို့တွင် အထူးရထားများကို ထပ်တိုးပြေးဆွဲပေး သွားမည်ဖြစ်ပြီး သင်္ကြန်အကြိုနေ့ဖြစ်သည့် ဧပြီ ၁၃ ရက်မှ သင်္ကြန်အတက်နေ့ဖြစ်သည့် ၁၆ ရက်အထိ လူစီးရထားများအားလုံး ပြေးဆွဲမှု ခေတ္တရပ်နားထားမည်ဖြစ်သည်။
ရထားစီးပြည်သူများအနေဖြင့် အထက်တန်းလက်မှတ်များအား သုံးရက်ကြိုတင်၍လည်းကောင်း၊ ရိုးရိုးတန်းလက်မှတ်အား တစ်ရက်ကြိုတင်၍ လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် လျှောက်လွှာများဖြင့် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားက အမြန်ရထားခရီးစဉ်များအနေဖြင့် ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် ရန်ကုန်-ပုဂံ ခရီးစဉ်များကို ပြေးဆွဲပေးနေကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-ပုဂံ အမြန်ရထားခရီးစဉ်အား ရိုးရိုးတန်း ကျပ် ၇၂၀၀၊ အထက်တန်းထိုင်ခုံ ကျပ် ၁၄၄၀၀၊ အထက် တန်းအိပ်စင် ကျပ် ၁၉၈၀၀ ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေး ရထားခရီးစဉ်အား တစ်ရက်လျှင် ရထား နှစ်စီးဖြင့် ပြေးဆွဲနေပြီး အခြားခရီးစဉ်များတွင် ခရီးသည်စီးနင်းမှုများပြားလာသည်နှင့်အမျှ ရထားတွဲဆိုင်းများ ပိုဆိုချိတ်ဆက်ခြင်းနှင့် ရထားစင်းရေတိုးမြှင့်ပြေးဆွဲခြင်းများ ပြုလုပ်သွားမည်။
မြန်မာ့မီးရထားက နယ်ဝေးရထားခရီးစဉ်များအဖြစ် ရန်ကုန်- မန္တလေးလမ်းပိုင်း၌ အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-မော်လမြိုင်ညရထားအပါအဝင် လမ်းပိုင်းအသီးသီးတွင် လူစီးနှင့် ကုန်တင်ရထားများပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထားက ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထားလေးစင်း၊ စာပို့ရထားနှစ်စင်း၊ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်- ပြည်လမ်းပိုင်းမှာ အမြန်ရထားနှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ ရန်ကုန်-ပဲခူးလမ်း ပိုင်းတွင်ရထား နှစ်စင်း၊ ပုသိမ် - ဟင်္သာတ- ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပျဉ်းမနား-တောင်တွင်းကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ ပြင်ဦးလွင်-ဂုတ်ထိပ်လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ပြည်တော်သာ- ရေချမ်းပြင် လမ်းပိုင်းတွင်ရထားလေးစင်း၊ တောင်ကြီး- ဆိုက်ခေါင်လမ်းပိုင်းတွင် လူစီး ကုန်တင်ရထား နှစ်စင်း စုစုပေါင်း ၂၈ စင်းနှင့် ရန်ကုန်မြို့ပတ်ရထား ၂၆ စင်းစုစုပေါင်း လူစီးရထား ၅၄ စင်း ပြေးဆွဲပေးနေခြင်းဖြစ်သည်။