ဇနီးသစ်နှင့်ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုနေမှုများကို ဒေါသဖြစ်မိပြီး ကောလာဟလအများစုက အမှန်မဟုတ်ဟု ဆောင်ဂျွန်ကီထုတ်ပြော

ဇနီးသစ်နှင့်ပတ်သက်ပြီး ထင်ကြေးပေးပြောဆိုနေမှုများကို ဒေါသဖြစ်မိပြီး ကောလာဟလအများစုက အမှန်မဟုတ်ဟု ဆောင်ဂျွန်ကီထုတ်ပြော
Photo: Manila Bulletin
Photo: Manila Bulletin
Published 23 February 2023

အောင်မြင်ကျော်ကြားသူတိုင်း ၎င်းတို့နှင့်ပတ်သက်သည့် ထင်ကြေးပေးမှုများ တွေ့ကြုံရသည်မှာ အထူးအဆန်းမဟုတ်သော်လည်း တောင်ကိုရီးယားသရုပ်ဆောင် ဆောင်ဂျွန်ကီက ဇနီးသစ်ကေတီလူးဝစ်ဆောင်ဒါနှင့် ပတ်သက်ထွက်လာသည့် ကောလာဟလများအပေါ် ကျေနပ်မှုမရှိပေ။

အွန်လိုင်းပရိသတ်များက ဗြိတိန်ရုပ်ရှင်မင်းသမီးဟောင်းကေတီ၏ ဓာတ်ပုံများတွင် ကလေးတစ်ဦးတွဲပါနေသည်ကိုမြင်ပြီးကေတီ က Single mother ၊ ၁၀ နှစ်အရွယ်ခန့်သမီးလေးတစ်ဦးရှိသည်ဟု သတင်းဖြန့်လာကြသည်။ ထို့ပြင် ကေတီနှင့်  အမေရိကန်မင်းသား ဂျော့ဂျ်ကလူနီတို့ တွဲရိုက်ထားသည့် ကြော်ငြာတစ်ခုကိုလည်း ပရိသတ်များကတွေ့ခဲ့သည်။

GQ Korea မဂ္ဂဇင်းနှင့် လတ်တလော အင်တာဗျူးတွင် အသက် ၃၇ နှစ်အရွယ်ရှိ ဆောင်ဂျွန်ကီက ၎င်း၏ရင်တွင်းခံစားချက် များကိုဖွင့်ချခဲ့ပြီး “အစကတော့ အဲဒီလိုအပြောခံနေရတာတွေက ကျွန်တော်တို့အတွက် ပုံမှန်ပါပဲ။ကျွန်တော်တို့ရဲ့အချစ်က ပြောင်းလဲ သွားမှာမဟုတ်ဘူး။ ဒါပေမယ့် အဓိပ္ပါယ်မရှိပြောနေကြတာတွေ သိပ်များလာတော့ အမှန်အတိုင်းပြောရရင် ကျွန်တော်ဒေါသဖြစ်လာတယ်။ကေတီတက်ခဲ့တဲ့ တက္ကသိုလ်နာမည်ကလွဲလို့ သတင်းအများစုက မမှန်ဘူး” ဟုပြောခဲ့သည်။

ဆက်ပြီးဆောင်ဂျွန်ကီက ၎င်းကိုစိတ်လျှော့ခိုင်းသူ၊ အကောင်းမြင်တတ်အောင် ပြောပြသူမှာ ကေတီဟုပင်ပြောသည်။

ကေတီက ဆောင်နှင့်ရင်သွေးကို လွယ်ထားရပြီဖြစ်ပြီး ဆောင်က ၎င်းလက်ထပ်လိုက်သည့်သတင်းကို ပရိသတ်များနှင့်ဆုံစည်းရာ fan site တစ်ခုတွင် ဇန်နဝါရီ ၃၀ ရက်က ကြေညာခဲ့သည်။

လက်ထပ်သည့်နေ့က ဗျာများခဲ့ပုံကိုလည်း ဆောင်က အင်တာဗျူးတွင် ပြောပြခဲ့သည်။ထိုနေ့က လက်ထပ်ပြီးနောက် ချက်ချင်း  My Name is Loh Kiwan ဆိုသည့် ဇာတ်ကားသစ်ဇာတ်ညွှန်းဖတ်ခဲ့ရပြီး နှစ်ဦးစလုံး အလုပ်တွေအပြီး ညစာစားချိန်နောက်ကျခဲ့ သည်ဟု ပြောသည်။

လက်ရှိဆောင်သည် ယင်းဇာတ်ကားကို ဟန်ဂေရီတွင် သွားရိုက်နေပြီး ဖေဖော်ဝါရီ ၁၆ ရက်က ဇနီးနှင့်အတူ အင်ချွန်းလေဆိပ်သို့  ရောက်လာသည့်ပုံများ ထွက်လာခဲ့သည်။ဇာတ်ကားက မြောက်ကိုရီးယားဒုက္ခသည်တစ်ဦးအကြောင်း ဖြစ်သည်။

Most Read

Most Recent