ရည်းစားဟောင်းကျူးလွန်ခဲ့သည့် ပြစ်မှုများတွင် ပါဝင်ပတ်သက်နေမှုသံသယဖြင့် ပတ်မင်ယောင် စစ်ဆေးခံနေရပြီး  နိုင်ငံမှထွက်ခွာခွင့် အပိတ်ခံထားရ

ရည်းစားဟောင်းကျူးလွန်ခဲ့သည့် ပြစ်မှုများတွင် ပါဝင်ပတ်သက်နေမှုသံသယဖြင့် ပတ်မင်ယောင် စစ်ဆေးခံနေရပြီး  နိုင်ငံမှထွက်ခွာခွင့် အပိတ်ခံထားရ
Photo - Allkpop
Photo - Allkpop
Published 16 February 2023

နာမည်ကျော် တောင်ကိုရီးယားရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်သည့် အသက် ၃၆ နှစ် အရွယ်ရှိပတ်မင်ယောင်ကို ရည်းစားဟောင်း စီးပွားရေးလုပ်ငန်းရှင်ကန်ဂျုံဟွန် ကျူးလွန်ခဲ့သည့် ပြစ်မှုများတွင် ပါဝင်နေမှုသံသယဖြင့်  အစိုးရရှေ့နေများက ဖေဖော်ဝါရီ ၁၄ ရက် တွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု တောင်ကိုရီးယားမီဒီယာများက ဖော်ပြလာကြသည်။

ကန်ဂျုံဟွန်သည် ကိုရီးယား၏အကြီးဆုံး ဒီဂျစ်တယ်ငွေကြေးအရောင်းအဝယ်လုပ်ငန်းဖြစ်သည့် Bithumb နှင့် တစ်နည်းနည်းပတ်သက်နေသူဖြစ်ပြီး Bithumb ငွေအလွဲသုံးစားလုပ်မှုဖြစ်စဉ်တွင် သံသယရှိသူအဖြစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။

ကန်၏အရောင်းအဝယ်များနှင့် ၎င်းမပတ်သက်ဟု ပတ်မင်ယောင်က ငြင်းထားသော်လည်း ကန်က၎င်းလုပ်ငန်းအချို့တွင် ပတ်မင်ယောင်နာမည်သုံးထားသည်ကို အစိုးရရှေ့နေများက သက်သေရထားသည်။ လက်ရှိတွင် ပတ်မင်ယောင်ကို နိုင်ငံမှထွက်ခွာခွင့် တားမြစ်ထားပြီး ထပ်မံစစ်ဆေးရန် အစိုးရရှေ့နေများက ဆုံးဖြတ်ထားသည်။

အငြင်းပွားဖွယ်လုပ်ငန်းရှင်ကန်နှင့် ပတ်တို့ဆက်ဆံရေးကို Dispatch မီဒီယာက ဖွင့်ချခဲ့စဉ်က ပရိသတ်များ အံ့အားသင့်ခဲ့ကြပြီး မနှစ်ကအောက်တိုဘာတွင် သတင်းထွက်ပြီးမကြာမီ ပတ်မင်ယောင်က ၎င်းတို့ပြတ် သွားပြီဟု ကြေညာခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ပတ်မင်ယောင်၏အေဂျင်စီ Hook Entertainment ကို ဆိုးလ်ရဲတပ်ဖွဲ့ကဝင်စီးကာ ငါးနာရီကြာ ရှာဖွေခဲ့သည်။

ဖျော်ဖြေရေးအေဂျင်စီတစ်ခုကို အာဏာပိုင်များက ဝင်စီးသည်မှာ အလွန်ပင်ရှားသည်။ ဝင်ရှာသည့်အကြောင်းရင်းကိုမူ မသိရပေ။ ကန်နှင့်ပတ်သက်မှုရှိသည်ထင်ရသည့် ကုမ္ပဏီသုံးခုလည်း ထိုစဉ်ကအရှာခံခဲ့ရသည်။ 

Dispatch ကမူ ကန်နှင့်ပတ်သက်နေသည့် ကုမ္ပဏီအချို့တွင် Hook အေဂျင်စီလည်းပါသည်ဟု ဖော်ပြခဲ့သည်။

Hook Entertainment က ပတ်မင်ယောင်၊ ဝါရင့်မင်းသမီးကြီးယောင်ယူဂျောင် ၊ မင်းသားလီဆိုဂျင် ၊ အဆိုတော်လီဆွန်းဂီ၊ အဆိုတော် လီဆွန်းဟီ စသည့်နာမည်ကျော် အနုပညာရှင်များနှင့် လက်တွဲအလုပ်လုပ်ခဲ့သည့် အေဂျင်စီလည်းဖြစ်သည်။ 

 

Most Read

Most Recent