ခရစ္စရော့ခ်ကို ဝီလ်စမစ်က စင်ပေါ်တက် ပါးရိုက်ခဲ့မှုအပေါ် ဟောလိဝုဒ်ရုပ်ရှင်အကယ်ဒမီအဖွဲ့၏ တုံ့ပြန်မှု မလုံလောက်ခဲ့ဟု ၎င်းအဖွဲ့၏ဥက္ကဋ္ဌ ဝန်ခံ

ခရစ္စရော့ခ်ကို ဝီလ်စမစ်က စင်ပေါ်တက် ပါးရိုက်ခဲ့မှုအပေါ် ဟောလိဝုဒ်ရုပ်ရှင်အကယ်ဒမီအဖွဲ့၏ တုံ့ပြန်မှု မလုံလောက်ခဲ့ဟု ၎င်းအဖွဲ့၏ဥက္ကဋ္ဌ ဝန်ခံ
Published 14 February 2023

မနှစ်က မတ်လတွင်ပြုလုပ်သည့် အော်စကာဆုပေးပွဲတွင် သရုပ်ဆောင်ဝီလ်စမစ်၏ဇနီး ဂျာဒါစမစ်၏ ကတုံးကေနှင့်ပတ်သက်ပြီး အစီအစဉ်တင်ဆက်သူခရစ္စရော့ခ်က ဟာသလုပ်သရော်ခဲ့သည့်အတွက် ဝီလ်စမစ်က စင်ပေါ်ထိတက်ကာ ရော့ခ်ကို ပါးရိုက်လိုက်သည့် ဖြစ်ရပ်သည် အနုပညာလောကတွင် ဟိုးလေးတကျော်ဖြစ်သွားခဲ့သည်။

ယခုတစ်ဖန် ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး အော်စကာဆုရွေးချယ်ရေးအဖွဲ့ (ဟောလိဝုဒ်ရုပ်ရှင်အကယ်ဒမီအဖွဲ့)၏ ဥက္ကဋ္ဌက ၎င်းတို့အဖွဲ့၏တုံ့ပြန်မှုသည် လုံလောက်မှုမရှိခဲ့ဟု ဖေဖော်ဝါရီ ၁၃ ရက်က ပြုလုပ်သည့် ၂၀၂၃ အော်စကာအဆိုပြုခံရသူများ နေ့လည်စာစားပွဲတွင် ဖွင့်ဟဝန်ခံခဲ့သည်။

ပြီးခဲ့သည့်အော်စကာပွဲတွင် စမစ်ကို ထိုင်ခုံတွင် ပြန်ထိုင်ခွင့်ပြုပြီး အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို လက်ခံယူခွင့်ပြုခဲ့သည့်အတွက်လည်း ရုပ်ရှင်အကယ်ဒမီအဖွဲ့မှာ ဝေဖန်ခံခဲ့ရသည်။

“စင်ပေါ်က အဲဒီအဖြစ်အပျက်ဟာ လုံးဝလက်ခံနိုင်စရာမရှိသလို အကယ်ဒမီအဖွဲ့ရဲ့ တုံ့ပြန်မှုဟာလည်း မလုံလောက်ခဲ့ဘူး။ အဲဒီဖြစ်ရပ်ကနေ သိလိုက်ရတာက အကယ်ဒမီအဖွဲ့ဟာ မိမိတို့ရဲ့လုပ်ရပ်အတွက် တာဝန်ယူ၊ တာဝန်ခံမှု ရှိကိုရှိရမယ်။ အထူးသဖြင့် ပြဿနာဖြစ်တဲ့အခါမျိုးမှာ” ဟု အဖွဲ့ဥက္ကဌဂျန်းနတ်ယန်က  ဆိုသည်။

စမစ်သည် အကယ်ဒမီအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး အော်စကာဆုပေးပွဲတက်ရောက်ခွင့် ၁၀ နှစ် အပိတ်ခံထားရသည်။ အော်စကာဆုများ မဲပေးခွင့်မရှိတော့သော်လည်း အော်စကာဆုအဆိုပြုခံရခွင့်ရှိသေးသဖြင့် ဆုရမည့်အခွင့်အလမ်းလည်း ရှိသေးသည်။

Most Read

Most Recent