မှုခင်းဆေးပညာအဖွဲ့၏ သုံးသပ်ချက်ထွက်လာသည်နှင့် ယူအာအင်းကို ဆိုးလ်ရဲတပ်ဖွဲ့က ဆင့်ခေါ်စစ်ဆေးမည်

မှုခင်းဆေးပညာအဖွဲ့၏ သုံးသပ်ချက်ထွက်လာသည်နှင့် ယူအာအင်းကို ဆိုးလ်ရဲတပ်ဖွဲ့က ဆင့်ခေါ်စစ်ဆေးမည်
Published 13 February 2023

တောင်ကိုရီးယားမှုခင်းဆေးပညာအဖွဲ့၏ နောက်ဆုံံးအကဲဖြတ်သုံးသပ်ချက် ထွက်လာရန် သီတင်းပတ်နှစ်ပတ်သုံးပတ်ကြာမည်ဟု ယူဆရပြီး ယင်းသုံးသပ်ချက်ထွက်လာသည်နှင့် မင်းသားယူအာအင်းကို စစ်ဆေးရန် ဆင့်ခေါ်မည်ဟု ဆိုးလ်မြို့တော်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဖေဖော်ဝါရီ ၁၃ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ယူအာအင်းရှိနေသည့်နေရာကို ထောက်လှမ်းမည်မဟုတ်သေးဘဲ မှုခင်းဆေးအဖွဲ့၏ရလဒ်ကို ဦးစွာကြည့်မည်ဟု ၎င်းအရာရှိက ပြောသည်။

တောင်ကိုရီးယားနိုင်ငံ၏ နာမည်ကျော်မင်းသားယူအာအင်းသည် ပရိုပိုဖိုးခေါ် စိတ်ငြိမ်ဆေးများ ပုံမှန်သုံးနေမှုနှင့်ပတ်သက်ပြီး မူးယစ်ဆေးထိန်းချုပ်ရေးဥပဒေချိုးဖောက်မှုဖြင့် စောင့်ကြည့်ခံနေရသည်။ ဖေဖော်ဝါရီ ၆ ရက်တွင် ဆိုးလ်ရဲတပ်ဖွဲ့၏ မူးယစ်စုံစမ်းစစ်ဆေးရေးဌာနက ယူအာအင်းကို တစ်ကြိမ်စစ်ဆေးခဲ့ပြီး ဆေးရုံများက ၎င်းကို ဘာကြောင့်ယင်းဆေးဝါးများ ပုံမှန်ညွှန်းနေသည်ကို မေးမြန်းခဲ့သေးသည်။

ဖေဖော်ဝါရီ  ၅ ရက်တွင် အမေရိကန်မှ ကိုရီးယားသို့ပြန်ရောက်လာပြီးနောက် ယူအာအင်း၏ဆီးနှင့်ဆံပင်ကို အမျိုးသားမှုခင်းဆေးပညာအဖွဲ့အား စစ်ဆေးစေခဲ့ရာ ဆီးအဖြေက ဆေးခြောက်သုံးထားသည်ကို ပြခဲ့ပြီး  နောက်စစ်ဆေးမှုက ရလဒ်မသိရသေးပေ။

အသက် ၃၆ နှစ် ရှိပြီဖြစ်သည့် ယူအာအင်းသည် အလုပ်နှင့်ပတ်သက်လျှင် အသေးစိတ်ဂရုစိုက်တတ်သည့် မင်းသားအဖြစ် တွဲဖက်သရုပ်ဆောင်အချင်းချင်းသာမက ဒါရိုက်တာများကပါ ချီးကျူးလေးစားရသူဖြစ်သည်။

၎င်းသည် သည်းထိတ်ရင်ဖို Hellbound ဇာတ်လမ်းတွဲတွင် ပါဝင်ခဲ့ပြီး ၂၀၁၅ နန်းတွင်းဇာတ်ကား The Throne ထဲမှ ယူအာအင်း၏ဇာတ်ကောင်သည် ၎င်းကို ကိုရီးယားရုပ်ရှင်သမိုင်းတွင် အသက်အငယ်ဆုံးဖြင့် အကောင်းဆုံးဇာတ်ဆောင်မင်းသားဆု ရစေခဲ့သည်။ လက်ရှိတွင် ယူအာအင်းသည် နိုင်ငံမှ ထွက်ခွာခွင့် တားမြစ်ခံထားရသည်။

Netflix မှ ပြသရန်ရှိပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်တက်နေသည့် ၎င်း၏ ဇာတ်ကားအချို့လည်း မည်သည့်အချိန်ထုတ်လွှင့်မည် သို့မဟုတ် ပြဖြစ်၊ မပြဖြစ်ပင် မရေရာတော့ပေ။ ယခင်ကယူအာအင်းနှင့် လီဗြောင်ဟွန်းတို့ပါသည့် The Match ဇာတ်ကား၊ Hi.5 ဇာတ်ကားနှင့် Goodbye Earth ဇာတ်လမ်းတွဲတို့ကို Netflix မှ ပြသရန် စီစဉ်ထားသည်။

Most Read

Most Recent