ပရင်စီပယ်ဟူသည်...

ပရင်စီပယ်ဟူသည်...
Published 31 October 2022

ပရင်စီပယ်ဆိုသည်မှာ သင့်အားလမ်းညွှန်ပေးသော စည်းမျဉ်း၊ ယုံကြည်ချက် သို့မဟုတ် အယူအဆတစ်မျိုးဖြစ်သည်။ “အကျင့်စာရိတ္တကောင်းမွန်ပြီး ကျင့်ဝတ်နှင့်လျော်ညီ သူတစ်ဦးတွင် ပရင်စီပယ်များစွာရှိသည်” ဟုလည်း ဆိုနိုင်သည်။

ယေဘုယျအားဖြင့် ပရင်စီပယ်တစ်ခုသည် သင့်ဘဝအတွက် အထောက်အကူဖြစ်စေသော အခြေခံအမှန်တရားတစ်မျိုးဖြစ်သည်။ “တရားမျှတပါ” သည်ဟု ဆိုခြင်းသည် လူအများစုနှင့် စီးပွားရေးလုပ်ငန်းများကို လမ်းညွှန်ပေးသည့် (လမ်းညွှန်ပေးသင့်သည့်) ပရင်စီပယ်တစ်ခုဖြစ်သည်။ မဲအသာစီးရရန်ထက် မှန်ကန်သောလုပ်ရပ်ကို လုပ်ရန်သာ ကြိုးစားသည့် နိုင်ငံရေးသမားတစ်ဦးသည်ပရင်စီပယ်ကို လိုက်နာခြင်းဖြစ်သည်။ ပရင်စီပယ်များ (စည်းမျဉ်းစည်းကမ်းများ) ရှိသည့် လူတစ်ဦးသည် ကောင်းမြတ်သော၊ သိက္ခာရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း တစ်စုံတစ်ဦး၌ ပရင်စီပယ်များ (စည်းမျဉ်းစည်းကမ်းများ) မရှိဟု ဆိုပါက ၎င်းတို့သည် မရိုးသားမှု၊ ဖောက်ပြန်မှု သို့မဟုတ် မကောင်းမှုပြုသူများဟု ဆိုလိုရာရောက်သည်။

ပရင်စီပယ်ဆိုသည်မှာ အပြုအမူ သို့မဟုတ် အကဲဖြတ်ခြင်းအတွက် လမ်းညွှန်သည့် အဆိုပြုချက် သို့မဟုတ် စံတန်ဖိုးတစ်ခုဖြစ်သည်။ ဥပဒေတွင် လိုက်နာရမည့် သို့မဟုတ် လိုက်နာလေ့ရှိရမည့် စည်းမျဉ်းစည်းကမ်းများ ရှိသည်။ ၎င်းကို မိမိသဘောဆန္ဒအလျောက် လိုက်နာနိုင်သည်၊ သို့မဟုတ်လျှင် သဘာဝအတိုင်း သို့မဟုတ် စနစ်တစ်ခုတည်ဆောက်ပုံနည်းလမ်းအရ  ထိန်းသိမ်းထားသော ဥပဒေများကဲ့သို့သော မလွှဲမရှောင်သာသော အကျိုးဆက်များ ဖြစ်လာနိုင်သည်။ ယင်းစနစ်၏အခြေခံမူများကို အသုံးပြုသူများအနေဖြင့် စနစ်၏ မရှိမဖြစ်ဝိသေသလက္ခဏာများအဖြစ် နားလည်ကြသည်။ သို့တည်းမဟုတ် စနစ်၏ ဒီဇိုင်းထုတ်ထားသော ရည်ရွယ်ချက်ကို ထင်ဟပ်စေကာ အခြေခံမူများထဲမှတစ်ခုအား လျစ်လျူရှုလိုက်မည်ဆိုပါက ထိရောက်သော လုပ်ဆောင်လည်ပတ်ခြင်း သို့မဟုတ် အသုံးပြုခြင်း မဖြစ်နိုင်တော့ပေ။ စနစ်တစ်ခုကို အခြေခံမူများပေါ်တွင် အတိအလင်း အခြေခံပြီးမှသာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။

ကိုယ်ကျင့်တရားဆိုင်ရာ ဥပဒေသတွင် ပရင်စီပယ်တစ်ခုသည် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ လူပုဂ္ဂိုလ်များ၏ အပြုအမူ၊ အနေအထိုင်ကို ဦးတည်ထိန်းချုပ်သည့် စံတန်ဖိုးများကို ကိုယ်စားပြုသည်။ “ပရင်စီပယ်အတိုင်း ပြုမူနေထိုင်လုပ်ဆောင်ခြင်း” သည် လူတစ်ဦးအနေဖြင့် ကိုယ်ကျင့်တရားဆိုင်ရာ စံနှုန်းများနှင့်အညီ နေထိုင်ခြင်းဖြစ်သည်။ လူမှုဆက်ဆံရေးဖြစ်စဉ်မှတစ်ဆင့် ကလေးဘဝတွင် အခြေခံမူများကို နာယူရသည်။ လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လွတ်လပ်မှုဆိုင်ရာ အယူအဆတစ်ရပ်မှာ ချုပ်ထိန်းခြင်းဖြစ်သည်။

တရားရေးဆိုင်ရာ ဥပဒေသတွင် ပရင်စီပယ်သည် ယေဘုယျအားဖြင့် စိတ်ကူးဖြင့် ရေးဆွဲထားသော သတ်မှတ်ချက်များဖြစ်ပြီး စံတန်ဖိုးအစုတစ်စုကို ကိုယ်စားပြုသည်။ ယေဘုယျအားဖြင့် ‘နိုင်ငံတော်’ ဟု ခေါ်ဆိုလေ့ရှိသော အာဏာပိုင်အဖွဲ့တစ်ရပ်ထံ အာဏာများကို ပေးအပ်လျက် လူ့အဖွဲ့အစည်းတစ်ရပ်၏ ဘဝများအား စုစည်းပေးလိုက်သည့် စံနှုန်းများဖြစ်သည်။ ဥပဒေသည် အတင်းအကျပ်နည်းလမ်းအားဖြင့် ဥပဒေဆိုင်ရာ တာဝန်ဝတ္တရားတစ်ရပ်ကို ပြဋ္ဌာန်းထားသည်။ ထို့ကြောင့် ၎င်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လွတ်လပ်မှုကို ကန့်သတ်သည့် လုပ်ဆောင်ချက်ဆိုင်ရာ သတ်မှတ်ချက်ပရင်စီပယ်များအဖြစ် ဆောင်ရွက်သည်။

သိပ္ပံနည်းကျ ဥပဒေသများအနေဖြင့် “အရည်တွင် လုံးလုံးလျားလျား သို့မဟုတ် တစ်စိတ်တစ်ပိုင်း နစ်မြုပ်နေသော အရာဝတ္ထု၏ အပေါ်သို့ ရေတွင် ပေါ်စေနိုင်သည့် အထက်သို့ သက်ရောက်အားသည် ထိုအရာဝတ္ထုက အစားဝင်နေရာယူလိုက်သည့် အရည်၏အလေးချိန်နှင့် ညီမျှသည်” ဟူသော အာခိမိဒိနိယာမသည်  ရူပဗေဒပညာရပ်ရှိ အရည်ရွေ့လျားမှုနှင့် စွမ်းအင်ဆိုင်ရာတွင် အခြေခံကျသည့် ပရင်စီပယ်ဖြစ်သည်။ သိပ္ပံပညာ၏ ပရင်စီပယ်အဖြစ် ပြစရာအစောပိုင်း ဥပမာတစ်ခုဖြစ်သည်။ Malthus ကတီထွင်ခဲ့သော နောက်ထပ်အစောပိုင်းပရင်စီပယ်တစ်ခုမှာ လူဦးရေအခြေခံမူဖြစ်ပြီး ယခု Mathusian နိယာမဟု ခေါ်တွင်သည်။ ဆစ်ဂမန်ဖရွိုက်သည် အထူးသဖြင့် အတ္တ (ချုပ်တည်းမှု) နှင့် ပျော်ရွှင်မှုကို အပြန်အလှန် ထိန်းကျောင်းရေးနိယာမအတွက် လိုအပ်သော အရှိတရားပရင် စီပယ်များကို ရေးဆွဲခဲ့သည်။ ဇီဝဗေဒပညာရှင်များသည် မျိုးစိတ်အမည်ပေးရေး တိကျမှုအတွက် Binomaial onmenclature ပရင်စီပယ်နှင့် ဦးစားပေးနိယာမ ပရင်စီပယ်တို့ကို အသုံးပြုရသည်။

မည်သို့ပင်ဆိုစေကာမူ လူ့အဖွဲ့အစည်းတစ်ရပ်အတွင်းရှိ မည်သည့်နယ်ပယ်၌မဆို ပရင်စီပယ်များ သတ်မှတ်ထားသကဲ့သို့ ယင်းတို့အား ကျင့်သုံးလိုက်နာကြမှသာလျှင် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

နိုဝင်ဘာ ၁  ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent