နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ
Published 24 October 2022

အိမ်ဖြူတော်သည် ရှေ့လာမည့် အရေးပါသောဆယ်စုနှစ်အတွင်း အမေရိကန်အနေဖြင့် ပြိုင်ဆိုင်နိုင်မှုရှိရေးအား အထောက်အကူပြုရန်မှာ အဓိကသော့ချက်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည့်တိုင် သြဇာအာဏာမြင့်တက်လာသော တရုတ်နှင့် မိမိကိုယ်ကိုယ်ပို၍ ယုံကြည်မှုလွန်ကဲလာသော ရုရှားတို့ကို ထိန်းညှိရန် ရည်ရွယ်သည့် အမျိုးသားလုံခြုံရေးမဟာဗျူဟာကို အောက်တိုဘာ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် ဘိုင်ဒင်၏ နိုင်ငံခြားရေးမူဝါဒ မျှော်မှန်းချက်တွင် အမေရိကန်၏ အကျိုးစီးပွားအပေါ် အဓိကထားဆဲဖြစ်ကြောင်း အစိုးရအဖွဲ့တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် မဟာဗျူဟာသစ်စာတမ်းတွင် ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာမလုံခြုံမှု၊ ကူးစက်နိုင်သော ရောဂါများနှင့် ငွေကြေးဖောင်းပွမှုတို့အပါအဝင် မျှဝေခံစားရသည့် ကမ္ဘာကြီးရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများ ကျန်ရှိနေသေးသည့် အကျပ်အတည်းများစာရင်းရှည်ကြီးကိုလည်း ထင်ဟပ်ထားသည်။

နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒချမှတ်ရာတွင် အမျိုးမျိုးသော ရွေးချယ်မှုများရှိသည်။ ထိရောက်သည့် နိုင်ငံခြားရေး မူဝါဒချမှတ်ရန် ရှေ့ပြေးအကြောင်းခြင်းရာ တစ်ရပ်သည် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမြင်တစ်ရပ် သို့မဟုတ် ကမ္ဘာ့မျက်နှာစာ၌ မိမိနိုင်ငံအနေဖြင့် ထူထောင်လိုသော အခြေခံအမြင်တစ်ရပ်ရှိထားရန်မှာ လိုအပ်ချက် တစ်ရပ်ဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒ  ချမှတ်သည့်အမြင်၌ စဉ်းစားရန် အချက်နှစ်ချက်မှာ နိုင်ငံတကာ၌ မိမိတို့နိုင်ငံ၏စံတန်ဖိုးများကို မြှင့်တင်ရေးအား အဓိကထားမည်လား သို့မဟုတ် မိမိတို့၏ နိုင်ငံတော်အကျိုးစီးပွားအား စောင့်ရှောက်ကာကွယ်ရေးကို အဓိကထားမည်လား ဟူ၍ဖြစ်သည်။

အမှန်တကယ်၌ နိုင်ငံခြားရေးမူဝါ၏ဟု ဆိုလိုက်လျှင်ပင် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေးအတွက် အထောက်အကူပြုစေရန် ချမှတ်ရေးဆွဲထားရေးသည့် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်ပြီးသားဖြစ်သည်။ အချို့က နိုင်ငံတစ်နိုင်ငံ၏ အကျိုးစီးပွားနောက်သို့ လိုက်ခြင်းသည် နိုင်ငံခြားရေးမူဝါဒပင်ဖြစ်သည်ဟု ဆိုကြသည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံအသီးသီးတို့သည် အမျိုးမျိုးကွဲပြားခြားနားသော နိုင်ငံတော်အကျိုးစီးပွားများကို မျှော်မှန်းနိုင်ကြသည်။ ထို့ကြောင့် နိုင်ငံခြားရေးမူဝါဒများ၌ အဓိကထားမှုများ ကွဲပြားခြားနားနေခြင်းဖြစ်သည်။ နိုင်ငံခြားရေးမူဝါဒများသည် နိုင်ငံ၏အကျိုးစီးပွား သို့မဟုတ် နိုင်ငံတော်က ရှေးရှုသည့် ကိစ္စရပ်များကို ထင်ဟပ်ပြနေသည်ဟုပင် ဆိုကြသည်။ ယုတ္တိဗေဒအရဆိုလျှင် နိုင်ငံခြားရေးမူဝါဒမှတစ်ဆင့် နိုင်ငံတော်အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းသည် ပြည်တွင်းအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ခြင်းပင်ဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။

တူညီချက်များစွာရှိသည့် အနီးကပ်မဟာမိတ်အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သော ကနေဒါနှင့် အမေရိကန် ပြည်ထောင်စုတို့၏ နိုင်ငံတော်အကျိုးစီးပွားများကို နှိုင်းယှဉ်ကြည့်လျှင် မည်သည့်နိုင်ငံတော်အကျိုးစီးပွားများ ကွာခြားသနည်းဟူသည့် အတိုင်းအတာကို မြင်နိုင်မည်ဖြစ်သည်။ ကနေဒါနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒသည် စီးပွားရေးကြီးထွားမှု၊ လူမှုရေးတရားမျှတမှု၊ လူနေမှုအဆင့်အတန်း၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပြင် နိုင်ငံတော်တခို သဟဇာတဖြစ်ရေးတို့အပေါ် အဓိကထားပြီး ပထမဆုံး ဖော်ပြသည့်သုံးခုမှာ အရေးကြီးဆုံးဖြစ်သည်။

ကနေဒါ၏ တောင်ဘက်အိမ်နီးချင်းဖြစ်သည့် အမေရိကန်သည် နိုင်ငံခြားရေးမူဝါဒကို အလွှာသုံးလွှာ၌ ထူထောင်ထားသည်။ အမြင့်ဆုံးအလွှာဟု သတ်မှတ်သော အရေးကြီးဆုံးအကျိုးစီးပွားတွင် အမေရိကန်ပိုင်နက် ရုပ်ပိုင်းဆိုင်ရာအရ လုံခြုံရေး၊ အမေရိကန်နိုင်ငံသားများ ဘေးကင်းလုံခြုံရေး၊ အမေရိကန်လူ့အဖွဲ့အစည်း စီးပွားရေးဖူလုံရေး၊ ချည့်နဲ့သွားစေနိုင်သည့် တိုက်ခိုက်မှုများမှနေ၍ အရေးကြီးသော အခြေခံအဆောက်အအုံများကို ကာကွယ်ရေးတို့ ပါဝင်သည်။ ယင်းအရေးကြီးဆုံးအကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရန်အတွက်ဆိုလျှင် တစ်ဖက်သတ်ပြတ်သားစွာ စစ်တပ်ကို အသုံးပြုနိုင်သည်။

ဒုတိယအလွှာတွင် နိုင်ငံတော်ရှင်သန်ရေးကို မထိခိုက်သော်လည်း နိုင်ငံတော်ဖူလုံရေး အပေါ် သက်ရောက်နိုင်သည့် အကျိုးစီးပွားများ ပါဝင်သည်။ (ဥပမာအားဖြင့် ကမ္ဘာ့ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မဟာမိတ်များကို ဝတ္တရားအတိုင်း ကာကွယ်ပေးခြင်း) ။ နောက်ဆုံးအလွှာတွင် နိုင်ငံတော်၏ဘေးဒုက္ခများကို တုံ့ပြန်မှုများနှင့် အခြားနိုင်ငံများအကြား လူ့အခွင့်အရေးကို မြှင့်တင်ပေးခြင်းတို့ အပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အခြားအကျိုးစီးပွားများဖြစ်ကြသည်။  ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အအုံ တိုက်ခိုက်ခံရပြီးနောက် အမေရိကန်သည် နိုင်ငံတော်လုံခြုံရေး အကျိုးစီးပွားကို အထူးအမြင့်ဆုံးအဖြစ်သတ်မှတ်ခဲ့သည်။ အမေရိကန်အစိုးရအတွက် (၁) ပြည်ပမှ အကြမ်းဖက်မှုများကို တိုက်ခိုက်ရန်နှင့် (၂) နောက်ထပ်အကြမ်းဖက်တိုက်ခိုက်ခံရမှုများမှနေ၍ ပြည်တွင်းကို ကာကွယ်ရန်တို့ထက် ပို၍အရေးကြီးသောအရာ မရှိတော့ပေ။

ကနေဒါနှင့် အမေရိကန်တို့က ဖော်ပြခဲ့သည့် နိုင်ငံတော်အကျိုးစီးပွားများအကြား နှိုင်းယှဉ်ချက်သည် သိသာထင်ရှားသော ဥပမာဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံခြားရေးမူဝါဒများ သတ်မှတ်ရာတွင် ပြတ်သားစွာ ချမှတ်ပြီးသားဖြစ်သည့် နိုင်ငံတော်၏ အကျိုးစီးပွားများအပေါ်တွင်သာ အဓိကထားရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

 

အောက်တိုဘာ ၂၅ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent