စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးမည်ဟု နစကဥက္ကဋ္ဌ ကတိပြု

စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးမည်ဟု နစကဥက္ကဋ္ဌ ကတိပြု
Published 18 October 2022

တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည့်အတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့်  MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အောက်တိုဘာ ၁၇ ရက်က ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရင်းနှီးမြှုပ်နှံငွေနှင့်ပတ်သက်၍ ခေတ်အဆက်ဆက်တွင် နိုင်ငံတော်မှ ချေးငွေများထုတ်ပေးခဲ့ပြီး အချို့သောလုပ်ငန်းရှင်များမှာ ပြန်လည်ပေးဆပ်ခြင်းမရှိခဲ့ကြောင်း၊ စိုက်ပျိုးရေးချေးငွေများနှင့် MSME လုပ်ငန်းများအတွက် ချေးငွေများကို ထုတ်ပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ချေးယူထားသည့် ငွေများကို သတ်မှတ်ကာလများအတွင်း နိုင်ငံတော်သို့ ပြန်လည်ပေးသွင်းရန် လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် MSME လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ကရင်ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားရန်နှင့် ဖြည့်ဆည်းပေးနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ စီးပွားရေးမူဝါဒသည် စျေးကွက်စီးပွားရေးစနစ်ဖြစ်ပြီး နိုင်ငံတော်မှ စီးပွားရေးဆိုင်ရာမူဝါဒများကို ချမှတ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဗဟိုမှချုပ်ကိုင်သောစနစ်မဟုတ်သကဲ့သို့ စီမံကိန်းစီးပွားရေးစနစ်မဟုတ်သောကြောင့် အစိုးရအနေဖြင့် မူဝါဒပိုင်းကို ကြပ်မတ်ထိန်းကြောင်း ပေးခြင်းဖြစ်သဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက်ကိုမူ လုပ်ငန်းရှင်များက ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သို့သော်နိုင်ငံ့စီးပွားရေးမပြိုလဲရန်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွား မထိခိုက်စေရန် ဝင်ရောက်ထိန်းကြောင်းမှုများကို လုပ်ဆောင်ပေးရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှုဟူ၍ရှိပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းများ အားကောင်းလာမှသာလျှင် စီးပွားရေးဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရောင်းဝယ်မှုတွင် ရောင်းလိုအားနှင့် ဝယ်လိုအား မျှတမှုမရှိပါက ကုန်စျေးနှုန်းများ ကြီးမြင့်လာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုရရှိစေရေးအတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာရေးအားနည်းမှုများရှိသဖြင့် ကျွမ်းကျင်လုပ်သားများ နည်းပါးသည်ကို တွေ့ရှိရနိုင်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် နည်းပညာဆိုင်ရာများနှင့် ပတ်သက်၍ အထက်တန်းကျောင်းများတွင် သင်ကြားပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ဘားအံမြို့၌ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးသိပ္ပံတို့ကိုလည်း ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပညာတတ်များပေါကြွယ်ဝမှသာလျင် လူသားအရင်းအမြစ်များ ပေါများလာမည်ဖြစ်သဖြင့် ကရင်ပြည်နယ်အတွင်း၌လည်း ပညာတတ်များ ပေါများစေရေး ပညာရည်မြင့်မားရေးကို အားပေးဆောင်ရွက်ကြစေလိုကြောင်း၊ နိုင်ငံတော်အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည်မြင့်မားစေရေးအတွက် အားပေးဆောင်ရွက်လျက်ရှိပြီး မိမိတို့ဒေသအတွင်း လူသားအရင်းအမြစ်များ ပေါများလာစေရေးအတွက်လည်း ဒေသခံများက ၀ိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးတင်ထွဋ် ဦးလှမိုး၊ ဒေါက်တာချာလီသန်းနှင့် ဦးအောင်နိုင်ဦး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဘားအံမြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent