မဟာဗျူဟာ၊ နည်းဗျူဟာ

မဟာဗျူဟာ၊ နည်းဗျူဟာ
Published 26 September 2022

အဖွဲ့အစည်းတစ်ရပ်အတွင်း၌ မဟာဗျူဟာအကြောင်းရော၊ နည်းဗျူဟာအကြောင်းပါ ပြောတတ်လေ့ရှိကြသည်။ ယင်းစကားနှစ်ရပ်သည် လူသုံးများပြီး အမြဲတစေ တွေ့ရှိနေရသော်လည်း ရောထွေးနေလေ့ရှိသည်။ မဟာဗျူဟာနှင့် နည်းဗျူဟာတို့အကြား လုံးဝကွဲပြားခြားနားချက် အနည်းငယ်ရှိသည်။ အတိုချုပ်ဆိုရလျှင် မဟာဗျူဟာသည် ရည်မှန်းချက်ပန်းတိုင်နှင့် ယင်းသို့မည်သို့မည်ပုံ ရောက်ရှိနိုင်သနည်းဟူသည်ကို ဖော်ပြသည်။ နည်းဗျူဟာသည် ရည်မှန်းချက်ပန်းတိုင်သို့ သွားရာလမ်းကြောင်းတစ်လျှောက် လုပ်ဆောင်ရမည့် အသေးစိတ်အချက်များကို ဖော်ပြသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ခန့်က တရုတ်စစ်သေနာပတိ ဆွန်ဇူးက ‘စစ်ရေးအနုပညာ’ ဟူသည့်ကျမ်းကို ရေးသားခဲ့သည်။ ယင်း၌သူက “နည်းဗျူဟာမပါသော မဟာဗျူဟာသည် အောင်ပွဲသို့သွားရာ အနှေးကွေးဆုံး လမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာမပါသော နည်းဗျူဟာသည် မရှုံးနိမ့်မီဆူညံဆူညံလုပ်ခြင်းသာဖြစ်သည်” ဟု ဆိုသည်။ နည်းဗျူဟာနှင့် မဟာဗျူဟာတို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်ဘက်မဟုတ်ကြပါ။ ၎င်းတို့သည် တစ်သင်းတည်း၌သာရှိကြသည်။ ၎င်းတို့သည် ရာစုနှစ်များစွာကြာအောင် အတူတကွရှိခဲ့ကြသည်။

မဟာဗျူဟာဟူသည် ရေရှည်ရည်မှန်းချက်ပန်းတိုင်များဖြစ်ပြီး ယင်းပန်းတိုင်များကို ရယူရန် အစီအစဉ်ချထားမှုများဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် မဟာဗျူဟာများသည် မိမိတို့သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်မှန်းရာခရီးကို ပေါက်မြောက်ရန် လိုအပ်သောလမ်းကြောင်းကို ပေးသည်။ နည်းဗျူဟာဟူသည် ပို၍အကောင်အထည်ကျပြီး ရည်မှန်းရာလမ်းတစ်လျှောက် ပိုမိုအသေးစိတ်သော ခြေလှမ်းများနှင့် ပိုမိုတိုတောင်းသော အချိန်သတ်မှတ်ချက်များဆီသို့ ရှေးရှုသည်။ နည်းဗျူဟာတွင် အကောင်းဆုံးကျင့်သုံးမှုများ၊ အသေးစိတ်သောအစီအစဉ်များ၊ ရင်းမြစ်များအစရှိသဖြင့် ပါဝင်သည်။ နည်းဗျူဟာတို့အား လမ်းညွှန်ချက်များဟုလည်း ခေါ်ဆိုလေ့ရှိသည်။

မဟာဗျူဟာသည် ရေရှည်သဘောကိုဆောင်ပြီး မဟာဗျူဟာအား အောင်မြင်အောင် လုပ်ဆောင်ပုံအပေါ် အခြေခံလျက် နည်းဗျူဟာများကို ပြောင်းလဲနိုင်သည်။ ဥပမာအားဖြင့် မိမိ၏စျေးကွက်မဟာဗျူဟာသည် မိမိတို့၏ သြဇာလွှမ်းမိုးမှုနှင့် လူမှုမီဒီယာ၌ စွမ်းဆောင်မှုကို တိုးတက်အောင်ပြုလုပ်ရန်ဖြစ်ပါက နည်းဗျူဟာသည် မိမိတို့အလုပ်အတွက် မည်သည့်ချန်နယ်သည် အကောင်းဆုံးဖြစ်သနည်းဟူသည်နှင့် မိမိ၏ ပရိသတ်အတွက် မည်သည့်မက်ဆေ့ချ်များက အကောင်းဆုံးအလုပ်ဖြစ်မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။

ပြီးမြောက်အောင်မြင်မှုဆီသို့ရောက်အောင် မဟာဗျူဟာနှင့် နည်းဗျူဟာတို့သည် အတူယှဉ်တွဲ လုပ်ဆောင်ကြရသည်။ မိမိ၏မဟာဗျူဟာသည် တောင်တစ်လုံးကို တက်ရန်ဖြစ်ပါက မဟာဗျူဟာ၏ အဓိကအစိတ်အပိုင်းတစ်ရပ်မှာ တောင်၏မည်သည့်ဘက်ခြမ်းမှနေ၍ တက်မည်ကို ဆုံးဖြတ်ရန်ဖြစ်သည်။ ယင်း၌နည်းဗျူဟာမှာ မည်သည့်ဝတ်စုံကို ဝယ်မည်၊ မိမိနှင့်အတူ မည်သူ့ကိုခေါ်သွားမည်၊ တောင်ပေါ်သို့ ရောက်ရန် မည်မျှအချိန်ယူမည်၊ မည်သည့်ရာသီ၌ တက်မည်၊ ခရီးစဉ်ကို မည်သို့ရေးဆွဲမည် အစရှိသည်တို့ဖြစ်သည်။

မဟာဗျူဟာနှင့် နည်းဗျူဟာတို့သည် တစ်ခုနှင့်တစ်ခု အမြဲတမ်းကိုက်ညီမှုရှိရန် လိုအပ်သည်။ မိမိအနေဖြင့် သက်ဆိုင်ရာစီမံကိန်းတစ်ရပ် (နည်းဗျူဟာတစ်ရပ်)ကို နှစ်သက်နေသော်လည်း ယင်းနည်းဗျူဟာသည် မိမိ၏ရေရှည်မဟာဗျူဟာနှင့် ကိုက်ညီရန် လိုအပ်သည်။ ထို့ကြောင့် မဟာဗျူဟာက မိမိအဖွဲ့အစည်းအား မည်သည့်နည်းဗျူဟာ ကျင့်သုံးသင့်သည်ကို အသိပေးသည်။

ထို့ကြောင့် မည်သည့်အလုပ်ကို လုပ်ဆောင်ရာ၌မဆို ကောင်းမွန်သည့် မဟာဗျူဟာလိုအပ်သကဲ့သို့ ယင်းနှင့်ကိုက်ညီမည့် နည်းဗျူဟာများကို ချမှတ်နိုင်ရန်လည်း အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၇ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent