ပရမ်းပတာဖြစ်မှုနှင့် အစီအစဉ်ကျနမှုတို့၏ သတ်မှတ်ချက်မျဉ်း

ပရမ်းပတာဖြစ်မှုနှင့် အစီအစဉ်ကျနမှုတို့၏ သတ်မှတ်ချက်မျဉ်း
Published 19 September 2022

“ပရမ်းပတာဖြစ်မှုနဲ့ အစီအစဉ်ကျနမှုအကြား သတ်မှတ်ချက်မျဉ်းဟာ လော်ဂျစ်စတစ်ပေါ်မှာ တည်နေပါတယ်” ဆွန်ဇူး (ဘီစီ ၅၄၄ - ဘီစီ ၄၉၆) ရှေးခေတ်တရုတ်စစ်သူကြီး

လော်ဂျစ်စတစ် (Logistics) ဟူသည် အထွေထွေသဘောအရ ရှုပ်ထွေးသော လုပ်ငန်းတစ်ရပ်နှင့်ပတ်သက်၍ ဖွဲ့စည်းမှုနှင့် အကောင်အထည်ဖော်မှုတို့အား အသေးစိတ်ချမှတ်ရေးဆွဲထားမှုဖြစ်သည်။ အထွေထွေလုပ်ငန်းသဘောအရ လော်ဂျစ်စတစ်သည် စားသုံးသူများ သို့မဟုတ် ကော်ပိုရေးရှင်းများ၏ လိုအပ်ချက်များနှင့် ကိုက်ညီစေရန် မူလစမှတ်နှင့် နောက်ဆုံးသုံးစွဲသည့် အမှတ်အကြား စီးဆင်းသော အရာရာကို စီမံခန့်ခွဲမှုဖြစ်သည်။ လော်ဂျစ်စတစ်တွင် စီမံခန့်ခွဲရသည့်ရင်းမြစ်များ၌ စားနပ်ရိက္ခာ၊ အရာဝတ္ထုပစ္စည်း၊ တိရစ္ဆာန်၊ ကိရိယာတန်ဆာပလာနှင့် အရည်များကဲ့သို့သော ရုပ်ဝတ္ထုပစ္စည်းများ ပါဝင်သကဲ့သို့ အချိန်နှင့် အချက်အလက်များကဲ့သို့သော ဒြပ်မဲ့အရာများလည်း ပါဝင်သည်။ ရုပ်ဝတ္ထုပစ္စည်းများဆိုင်ရာ လော်ဂျစ်စတစ်တွင် အချက်အလက်များ စီးဆင်းမှုဆိုင်ရာ ပေါင်းစပ်မှု၊ ရုပ်ဝတ္ထုပစ္စည်းများအား ကိုင်တွယ်မှု၊ ထုတ်လုပ်မှု၊ ထုပ်ပိုးမှု၊ တီထွင်မှု၊ ပို့ဆောင်မှု၊ သိုလှောင်မှုတို့အပြင် လုံခြုံရေးကိစ္စလည်း ပါဝင်တတ်သည်။

စစ်ပညာ၌ လော်ဂျစ်စတစ်သည် ရန်သူ၏ ထောက်ပံ့ရေးလမ်းကြောင်းကို ဖြတ်တောက်ပြီး မိမိတို့၏ ထောက်ပံ့ရေးလမ်းကြောင်းကို ထိန်းသိမ်းရခြင်းနှင့် သက်ဆိုင်သည်။ ရင်းမြစ်များလမ်းကြောင်းနှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတို့ မရှိသော လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့သည် ခုခံတိုက်ခိုက်နိုင်စွမ်းရှိမည် မဟုတ်သောကြောင့် ဖြစ်သည်။ စစ်ဘက်ဆိုင်ရာ လော်ဂျစ်စတစ်ကို ရှေ့ခေတ်ကတည်းက ကျင့်သုံးခဲ့ပြီး ခေတ်သစ်စစ်တပ်များတွင် လော်ဂျစ်စတစ်ဆိုင်ရာ ဖြေရှင်းမှုများနှင့် တိုးတက်သော အကောင်အထည်ဖော်မှုများ ဖွံ့ဖြိုးလာရန် သိသိသာသာလိုအပ်လာသည်။ စစ်ဘက်ဆိုင်ရာ လော်ဂျစ်စတစ်တွင် လော်ဂျစ်စတစ်ဆိုင်ရာ အရာရှိများသည် လိုအပ်သည့်နေရာများသို့ ရင်းမြစ်များအား မည်သည့်အချိန်၌ မည်ကဲ့သို့ ရွှေ့ပြောင်းရမည်ကို စီမံရသည်။

လော်ဂျစ်စတစ် စီမံခန့်ခွဲမှုသည် စားသုံးသူများ၏လိုအပ်ချက်များနှင့် ကိုက်ညီစေရန်အလို့ငှာ မူလစမှတ်နှင့် နောက်ဆုံးသုံးစွဲသည့် အမှတ်အကြား ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် သက်ဆိုင်ရာအချက်အလက်များ စီးဆင်းမှုနှင့် သိုလှောင်မှုတို့ကို စီစဉ်ရန်၊ အကောင်အထည်ဖော်ရန်နှင့် ထိထိရောက်ရောက်နှင့် အလုံအလောက် ရှေ့ဆက်နိုင်ရေးနှင့် နောက်ပြန်လှည့်နိုင်ရေးတို့ကို ထိန်းချုပ်ရန်ထောက်ပံ့ရေးစီမံခန့်ခွဲမှု ကွင်းဆက်များ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လော်ဂျစ်စတစ်၏ ခက်ခဲရှုပ်ထွေးမှုများကို အသွင်ယူထားသည့် ကောင်းမွန်သော ဆော့ဖ်ဝဲများဖြင့် ပုံစံပြုခြင်း၊ သုံးသပ်ခြင်း၊ မြင်သာအောင် ပြုလုပ်ခြင်းနှင့် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခြင်းတို့ ပြုလုပ်နိုင်သည်။ အားလုံးသောလော်ဂျစ်စတစ်နယ်ပယ်များတွင် ရင်းမြစ်များကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် သုံးစွဲရန်သည် ပုံမှန်စေ့ဆော်မှုတစ်ရပ်ဖြစ်သည်။ လော်ဂျစ်စတစ် စီမံခန့်ခွဲမှုနယ်ပယ်၌ ပရော်ဖက်ရှင်နယ်အဖြစ် လုပ်ကိုင်သောသူကို လော်ဂျစ်စတစ်ရှန် (Logistician) ဟုခေါ်သည်။

မည်သည့်လုပ်ငန်းကိုမဆို အကောင်အထည်ဖော်ရာ၌ လော်ဂျစ်စတစ်စီမံခန့်ခွဲမှုများက မရှိမဖြစ် လိုအပ်သည်သာ ဖြစ်သည်။ လော်ဂျစ်စတစ်စီမံခန့်ခွဲမှု ကျွမ်းကျင်ခြင်းမရှိပါက မည်သည့်လုပ်ငန်းကိုမျှ ရေရှည်ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့်ယနေ့ခေတ်တွင် မည်သည့်လုပ်ငန်းနယ်ပယ်၌မဆို လော်ဂျစ်စတစ်၏ အရေးပါပုံအား စီမံခန့်ခွဲမှုများ ပြုလုပ်နေသူအားလုံးအနေဖြင့် ကောင်းစွာ သဘောပေါက်နားလည်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၂၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent