လူမှုစီးပွားအနေအထားနှင့် ပညာရေးကဏ္ဍ

လူမှုစီးပွားအနေအထားနှင့် ပညာရေးကဏ္ဍ
Published 12 September 2022

“ကျွန်မကတော့ လူသားဝါဒီတစ်ယောက်ပဲလို့ ကျွန်မထင်တယ်။ ကျား/မ၊ ဇာတ်နိမ့်/ဇာတ်မြင့်၊ လူတန်းစား၊ လူမှုစီးပွားအနေအထား၊ မသန်စွမ်းမှု၊ နိုင်ငံရေးရပ်တည်ချက်၊ ကိုးကွယ်တဲ့ဘာသာ ဒါမှမဟုတ် ခံယူချက် စတာတွေနဲ့ မဆိုင်ဘဲ လူသားအားလုံးမှာ နေထိုင်ဖို့၊ ဖော်ထုတ်ပြသဖို့၊ ကြီးပွားတိုးတက်ဖို့၊ ချစ်ခင်မြတ်နိုးဖို့နဲ့ သဘောထားကွဲလွဲဖို့ တန်းတူညီမျှတဲ့ အခွင့်အရေးတွေရှိသင့်တယ်လို့ ကျွန်မယုံကြည်ပါတယ်”  ရှာယွန်နီဂုတ္တား (၁၉၈၅ ဖွား)၊ အိန္ဒိယရုပ်ရှင်မင်းသမီး

လူမှုစီးပွားအနေအထား (Socioeconomic-SES) ကို ပညာရေး၊ ဝင်ငွေနှင့် အလုပ်အကိုင်တို့ဖြင့် ပေါင်းစည်းတိုင်းတာသည်။ ယင်းကို လူတစ်ဦး သို့မဟုတ် အုပ်စုတစ်စု၏ လူမှုရပ်တည်ချက် သို့မဟုတ် လူမှုအဆင့်အတန်းအဖြစ် ယူဆလေ့ရှိသည်။ လူမှုအဆင့်အတန်းမှတစ်ဆင့် ကြည့်မြင်ပြီး အခွင့်အလမ်း၊ လုပ်ပိုင်ခွင့်နှင့် ထိန်းချုပ်မှုတို့ကို အထူးပြုစဉ်းစားသည်။ SES ကို ကွာခြားချက် လျှောစောက် သို့မဟုတ် အဆက်မပြတ် ပြောင်းလဲနေသော ကိန်းရှင်အဖြစ် စစ်ဆေးမှုသည် ရင်းမြစ်များရရှိမှုနှင့် ဖြန့်ဝေမှု၌ မညီမျှမှုများကို ဖော်ပြသည်။ SES သည် သုတေသန၊ ကျင့်သုံးမှု၊ ပညာပေးရေးနှင့် အကြံပြုမှုတို့အပါအဝင် အပြုအမူဆိုင်ရာနှင့် လူမှုရေးဆိုင်ရာသိပ္ပံပညာရပ်နယ်ပယ်အားလုံးနှင့် သက်ဆိုင်သည်။

SES နိမ့်ပါးခြင်းနှင့် ပညာရေးနိမ့်ပါးခြင်း၊ ဆင်းရဲမွဲတေခြင်းနှင့် ကျန်းမာရေးချို့တဲ့ခြင်းကဲ့သို့သော ဆက်နွှယ်နေသည့် အချက်များသည် လူ့အဖွဲ့အစည်းအပေါ် အဆုံးစွန်ဆုံးသက်ရောက်မှုရှိသည်။ ဆင်းရဲချမ်းသာဖြန့်ကြက်မှု၊ ရင်းမြစ်များဖြန့်ဝေမှုနှင့် ဘဝ၏အရည်အသွေးများ၌ မညီမျှမှုများသည် ကမ္ဘာတစ်လွှား၌ တိုး၍တိုး၍လာနေသည်။ ထို့ကြောင့် ကမ္ဘာတစ်လွှား၌ ှနှကြီးမားစွာ ကွာဟချက်များကို လျှော့ချရန် ကြိုးပမ်းလာကြသည်။ အပြုအမူဆိုင်ရာနှင့် အခြားလူမှုရေးဆိုင်ရာ သိပ္ပံပညာရှင်များသည် ပုဂ္ဂိုလ်တစ်ဦးချင်းအဆင့်နှင့် လူ့အဖွဲ့အစည်းအဆင့်တို့၌ ယင်းကွာဟချက်များကို လျှော့ချနိုင်မည့် မဟာဗျူဟာများကို လေ့လာရန်နှင့် အမျိုးအမည်သတ်မှတ်ဖော်ထုတ်ရန် လိုအပ်သော လက်နက်ကိရိယာများကို ပိုင်ဆိုင်ကြသည်။

သုတေသနများအရ SES နိမ့်ပါးသော မိသားစုမှ ကလေးများသည် SES ပိုမိုမြင့်မားသော မိသားစုမှ ကလေးများနှင့် နှိုင်းယှဉ်ပါက ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုများ ဖွံ့ဖြိုးလာရန် နှေးကွေးကြောင်း သိရှိရသည်။ အစောပိုင်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုသည် နေအိမ်ဝန်းကျင်နှင့် ဆက်နွှယ်ပတ်သက်နေသည်။ ပညာရေးနှိမ့်ပါးသော ဝန်းကျင်များနှင့် ရေရှည်စိတ်ပူပန်နေရသော ဝန်းကျင်များသည် ကလေးများ၏ အကြိုပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုအပေါ် သက်ရောက်မှုရှိသည်။ SES နိမ့်ပါးသော လူ့အဖွဲ့အစည်းအတွင်းရှိ ပညာရေးစနစ်များသည် ရင်းမြစ်ပြည့်စုံမှုမရှိဘဲ ကျောင်းသားများ၏ ပညာရပ်ဆိုင်ရာတိုးတက်မှုအပေါ် မကောင်းသော သက်ရောက်မှုရှိသည်။ ပညာရေး မပြည့်စုံခြင်းနှင့် ကျောင်းထွက်ရမှုနှုန်း မြင့်မားခြင်းသည် လူ့အဖွဲ့အစည်းတစ်ရပ်၏ SES နိမ့်ပါးခြင်းကို ကြိုးကိုင်သည့်အရာဖြစ်ပြီး ကလေးများ၏ ပညာရေးအောင်မြင်မှုအပေါ် ဆိုးရွားစွာ သက်ရောက်နိုင်သည်။ ကျောင်းပညာရေးစနစ်များကို တိုးတက်အောင် ပြုလုပ်ခြင်းနှင့် စောစီးစွာ ဝင်ရောက်ကူညီခြင်းအစီအစဉ်များသည် ဖော်ပြပါမကောင်းသော အကြောင်းခြင်းရာများကို လျှော့ချရာ၌ အထောက်အကူပြုသည်။

SES နိမ့်ပါးသော လူ့အဖွဲ့အစည်းမှ မိသားစုများသည် ကလေးများပညာရေးအတွက် ထောက်ပံ့ရန် ငွေကြေးရင်းမြစ်နှင့် အချိန်ရရှိနိုင်မှု နည်းပါးသည်။ ကလေးများ၏ဘဝအစောပိုင်း ဖတ်ရှုလေ့လာမှုသည် နေအိမ်ဝန်းကျင်အတွင်း ပညာတတ်မြောက်မှု၊ မိသားစုစာအုပ်ပိုင်ဆိုင်မှုနှင့် မိဘများ၏ စိတ်နေသဘောထားများနှင့် ပတ်သက်နေသည်။ SES နိမ့်ပါးသော လူ့အဖွဲ့အစည်းအတွင်းမှ မိဘများသည် စာအုပ်နှင့် ကွန်ပျူတာတို့ကဲ့သို့သော ပညာရေးရင်းမြစ်များကို တတ်နိုင်ခြင်းမရှိပေ။

ထို့ကြောင့် SES နှင့် ပညာရေးတို့အကြား ဆက်နွှယ်ချက်နှင့်ပတ်သက်၍ သုတေသနပြုမှုများ စနစ်တကျ ပြုလုပ်ပြီး SES နိမ့်ပါးသောကြောင့် ပညာရေးနိမ့်ပါးခြင်းနှင့် ပညာရေးနိမ့်ပါးခြင်းကြောင့် SES နိမ့်ပါးခြင်းဟူသည့် သံသရာမှနေ၍ လူ့အဖွဲ့အစည်းကို ဆွဲထုတ်နိုင်ရန် ၀ိုင်းဝန်းကြိုးပမ်းရမည်ဖြစ်ပါကြောင်း  The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

စက်တင်ဘာ ၁၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent