နိုင်ငံခြားသုံးငွေသုံးစွဲမှု လျှော့ချနိုင်ရေး ယခင်က တစ်နှစ်လျှင် ပြည်ပမှစားသုံးဆီတန်ချိန်ရှစ်သိန်းကျော် တင်သွင်းနေမှုမှ လစဉ်တန်ချိန်ငါးသောင်းခန့်သာ တင်သွင်းရောင်းချရန် စီမံချက်ချမှတ်ဆောင်ရွက်

နိုင်ငံခြားသုံးငွေသုံးစွဲမှု လျှော့ချနိုင်ရေး ယခင်က တစ်နှစ်လျှင် ပြည်ပမှစားသုံးဆီတန်ချိန်ရှစ်သိန်းကျော် တင်သွင်းနေမှုမှ လစဉ်တန်ချိန်ငါးသောင်းခန့်သာ တင်သွင်းရောင်းချရန် စီမံချက်ချမှတ်ဆောင်ရွက်
မကွေးတိုင်းဒေသကြီးမှ မြေပဲသိမ်းသည့်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
မကွေးတိုင်းဒေသကြီးမှ မြေပဲသိမ်းသည့်လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်
Published 12 July 2022

နိုင်ငံခြားသုံးငွေသုံးစွဲမှု လျှော့ချနိုင်ရေး နှင့် ပြည်တွင်းမှ စားသုံးဆီ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ယခင်က တစ်နှစ်လျှင် ပြည်ပမှ တန်ချိန်ရှစ်သိန်းကျော် တင်သွင်းနေမှုအား လစဉ်တန်ချိန်ငါးသောင်းခန့်သာ တင်သွင်းရောင်းချရန် စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

“တစ်နှစ်ကို စားသုံးဆီစုစုပေါင်းတန်ချိန် တစ်သန်းပတ်ဝန်းကျင်လောက်လိုတာ ရှိပါတယ်။ အထူးသဖြင့် လူနေမှုစနစ်တွေ ပြောင်းလဲလာတဲ့အတွက် စားသုံးမှုပုံစံ ပြောင်းလဲတဲ့အခါ အစားအသောက်တွေကို ဆီနဲ့ကြော်တဲ့ ပြုပြင်ထုတ်လုပ်ထားတဲ့ အစားအသောက်တွေကို ပိုပြီးစားတဲ့ပုံစံများပြားလာတဲ့အတွက်မို့  စားသုံးဆီလိုအပ်မှုကလည်း ပိုများလာတဲ့ အနေအထားရှိပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယင်းကဲ့သို့ တန်ချိန်တစ်သန်းဝန်းကျင်လိုအပ်လျက်ရှိရာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမတိုင်ခင်အထိ ပြည်ပမှ တစ်နှစ်လျှင် တန်ချိန် ခုနစ်သိန်းခွဲ၊ ရှစ်သိန်း၊ ရှစ်သိန်းခွဲခန့် တင်သွင်းခဲ့ရကြောင်း၊ ကျန်သည့်ဆီကို ပြည်တွင်းမှ ဖြည့်စွက်ကြိတ်ခွဲစားသုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ပြည်ပကနေ ဆီတင်သွင်းမှု၊ လူတစ်ဦးချင်းစားသုံးဆီ သုံးစွဲမှုတွေလည်း ကျန်းမာရေးနဲ့ညီညွတ်အောင် လျှော့ချဖို့ ရည်ရွယ်ချက်တွေပါတယ်။ နောက်ပြီး ပြည်ပကနေ တင်သွင်းမှုပမာဏကို လျှော့ချခြင်းအားဖြင့် တိုင်းပြည်အတွက် အရေးကြီးတဲ့ နိုင်ငံခြားသုံးငွေသုံးစွဲမှုကို လျှော့ချဖို့ရည်ရွယ်ချက်တွေပါတယ်။ အထူးသဖြင့်တော့ ပြည်တွင်းဆီစက်လုပ်ငန်းတွေ ပြန်လည်ရှင်သန်လာဖို့နဲ့ ကိုယ့်ပြည်တွင်းမှာထွက်တဲ့ ဆီထွက်သီးနှံကနေပြီးတော့ စားသုံးဆီတွေ ပိုမိုထုတ်လုပ်နိုင်ဖို့ကို ဦးစားပေးပြီး စီမံချက်ချပြီးတော့ ၂၀၂၂ ခုနှစ်ထဲမှာ ချမှတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“၂၀၂၁-၂၀၂၂ Mini Budget မှာ ၂၀၂၁ အောက်တိုဘာကနေစပြီးတော့ ပြည်ပကနေ ဆီတင်သွင်းမှုကို လျှော့ချပြီး ဆောင်ရွက်ခဲ့တဲ့နေရာမှာ အရင်တစ်နှစ်ကို တန်ချိန်  ရှစ်သိန်းပတ်ဝန်းကျင် တင်သွင်းနေတာကနေ တန်ချိန်ခြောက်သိန်းပတ်ဝန်းကျင် တင်သွင်းနိုင်အောင် စီမံချက်တွေနဲ့ လျှော့ချဆောင်ရွက်ခဲ့တာ Mini Budget မှာ မျှော်မှန်းထားတဲ့အတိုင်း တန်ချိန်သုံးသိန်းကျော်ပဲ တင်သွင်းသုံးစွဲခဲ့ပါတယ်။ ဒီဘက် ၂၀၂၂-၂၀၂၃ မှာ လစဉ်ရည်မှန်းထားတဲ့ တန်ချိန်ငါးသောင်း ပတ်ဝန်းကျင်ပဲ တင်သွင်းပြီး ရောင်းချနေတာဖြစ်ပါတယ်” ဟု    ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

အဓိကအားဖြင့် ပြည်တွင်းဆီစက်လုပ်ငန်းများ ပြန်လည်ရှင်သန်လာရေးအတွက်ဖြစ်ကြောင်း၊ စားသုံးဆီပြတ်လပ်မှုကြောင့် မလိုလားအပ်သည့်ဆိုးကျိုးများ ပြည်ပနိုင်ငံများတွင် ဖြစ်ပွားသကဲ့သို့ မြန်မာနိုင်ငံတွင် မဖြစ်ပွားစေရန် အထူးအလေးထားကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent