၂၀၂၂ ခုနှစ် မေလကုန်အထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံတကာမှလုပ်ငန်းရှင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၈၃ ဒသမ ၀၉၀ သန်း လာရောက်မြှုပ်နှံထား

၂၀၂၂ ခုနှစ် မေလကုန်အထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံတကာမှလုပ်ငန်းရှင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၈၃ ဒသမ ၀၉၀ သန်း လာရောက်မြှုပ်နှံထား
သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
သီလဝါအထူးစီးပွားရေးဇုန်ကို တွေ့ရစဉ်(ဓာတ်ပုံ-သီဟအောင်)
Published 7 July 2022

၂၀၂၂ ခုနှစ် မေလကုန်အထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံတကာမှလုပ်ငန်းရှင်များက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၁၈၃ ဒသမ ၀၉၀ သန်း လာရောက်မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၂၀ မှ စက်ရုံပေါင်း ၁၁၃ ရုံ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လုပ်ငန်း လည်ပတ်နေသောစက်ရုံ၊အလုပ်ရုံ ၉၃ ခုအနက် ၈၅ ရာခိုင်နှုန်းခန့် စက်ရုံများ ပုံမှန်နီးပါး လည်ပတ်လျက်ရှိကြောင်း MTSH ၏ ၂၀၂၀-၂၀၂၁ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်။

“COVID-19 ကပ်ဘေးနှင့်အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု ကျဆင်းခဲ့ခြင်းကြောင့် မြေငှားရမ်းခြင်း လုပ်ငန်းအတွက် MJTD မှ ဝင်ငွေမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ကျပ် ၈ ဒသမ ၆၂၈ ဘီလျံမှ ၂ ဒသမ ၅၈၁ ဘီလျံအထိ သိသိသာ သာလျော့နည်းခဲ့ပါတယ်။ သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ နိုင်ငံပေါင်း ၂၀ မှ စက်ရုံပေါင်း ၁၁၃ ရုံ လာရောက်ရင်းနှီးမြှုပ်နှံလျက်ရှိပြီး လုပ်ငန်းလည်ပတ်နေသော စက်ရုံ၊ အလုပ်ရုံ ၉၃ ခုအနက် ၈၅ ရာခိုင်နှုန်းခန့် စက်ရုံများ ပုံမှန်နီးပါး လည်ပတ်လျက်ရှိပါတယ်”ဟု MTSH ဥက္ကဋ္ဌဦးဝင်းအောင်က ပြောကြားခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန် A ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ဇုန် B ကိုလည်း အပိုင်းလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ စက်ရုံပေါင်း ၁၂၂ ခုနှင့်ရင်းနှီး မြှုပ်နှံမှုတန်ဖိုး စုစုပေါင်းဒေါ်လာ ၂၁၄၉ သန်း ကျော်ရှိနေပြီဖြစ်ကြောင်း၊ လက်ရှိတွင် စက်ရုံပေါင်း ၁၀၂ ခု လည်ပတ်လျက်ရှိကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌစီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်။

အထူးစီးပွားရေးဇုန်များအတွင်း ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီက ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင် ရွက်နိုင်ရန်အတွက် အောက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားများကို အဆိုပြုလွှာ တင်ပြလာပါက ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြကြရန် ဖိတ်ခေါ်ထား သည်။

ယင်းလုပ်ငန်းများမှာ(က)ဓာတ်မြေသြဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (ခ)ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဂ)သံမဏိ ထုတ်လုပ်ခြင်းလုပ်ငန်းများ (ဃ)စိုက်ပျိုးရေးလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်း၊အဆိုပါလုပ်ငန်းများနှင့် ဆက်စပ်သည့်လုပ်ငန်းများ (င) တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းလုပ်ငန်းများ၊ (စ)လျှပ်စစ်ယာဉ်များ ထုတ်လုပ်သည့်လုပ်ငန်းများ (ဆ)ဆေးဝါး နှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းများ၊(ဇ)အများပြည်သူသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများဖြစ်သည်။

အထက်ပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍများတွင် စိတ်ပါဝင်စားသူ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအနေဖြင့် အဆိုပြုလွှာများ တင်ပြနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent