နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပျံသန်း

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပျံသန်း
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ဒုတိယမြောက် Boeing 737-800 NG လေယာဉ်ကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ဒုတိယမြောက် Boeing 737-800 NG လေယာဉ်ကို ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
Published 5 July 2022

နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့သို့ Boeing 737-800 NG လေယာဉ်ဖြင့် စတင်ပျံသန်းခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်သစ်ပျံသန်းမှုအဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းမြို့သို့  ၂၀၂၂ ခုနှစ် ဇူလိုင် ၄ ရက်မှစတင်ကာ အပတ်စဉ် တနင်္လာနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal-1 မှ ပျံသန်းခဲ့ခြင်းဖြစ်သည်။

မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-ကူမင်းခရီးစဉ်အား UB-8006 အဖြစ် နံနက် ၁၁ နာရီတွင်လည်းကောင်း၊ ကူမင်း-ရန်ကုန်ခရီးစဉ်အား UB-8007 အဖြစ် ၁၆း၁၀ တွင်လည်းကောင်း ပျံသန်း သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်းအနေနဲ့ ပြည်ပခရီးစဉ်တွေအနေနဲ့ တရုတ်၊ ကူမင်းကို တိုးချဲ့ပြီး ပျံသန်းခဲ့တာဖြစ်ပါတယ်။ နောက်ဗုဒ္ဓဂယာဘုရားဖူးရာသီမှာ ဂယာကိုလည်း ပျံသန်းဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင်ဟောင်ကောင်နဲ့ ဒူဘိုင်းကိုလည်း ပျံသန်းနိုင်ဖို့စီစဉ်နေပါတယ်။ ဟောင်ကောင်က လက်ရှိမှာကိုဗစ်စည်းမျဉ်း၊ စည်းကမ်းအရ ပြေးဆွဲလို့ မရသေးပါဘူး။ ဒါပေမဲ့လည်း သူတို့ဆီကနေ ဖြေလျှော့မှုတွေရှိလာရင် ပြန်လည်ပြေးဆွဲသွားမှာပါ။ ဒူဘိုင်းကို ပြေးဆွဲဖြစ်မယ်ဆိုရင် တစ်ပတ်ကိုနှစ်ခေါက်ပျံသန်းဖို့ စီစဉ်ထားပါတယ်” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စီအီးအို Capt ခုပ်ခန့်မုံက ဆိုသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ လေယာဉ်များအား မြန်မာနိုင်ငံတွင်းနှင့် အာရှပစိဖိတ်ဒေသများသို့ စင်းလုံးငှားခရီးစဉ်ငှားရမ်းပျံသန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

လေယာဉ်စင်းလုံးငှားခရီးစဉ်နှင့်ပတ်သက်သော အချက်အလက်များကို [email protected] သို့ email ပေးပို့၍ အသေးစိတ်မေးမြန်းနိုင်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ၏ ပြည်တွင်းခရီးစဉ်များတွင် Mobile Application မှ တစ်ဆင့် Online Check-in ပြုလုပ်ပြီး E-Boarding Pass ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in သည် ပြည်တွင်းခရီးစဉ်များအတွက်သာဖြစ်ပြီး လေယာဉ်ထွက်ခွာချိန်မတိုင်မီ ၂၄ နာရီမှ ၇၅ မိနစ်အတွင်း အချိန်မရွေး Online Check-in ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Online Check-in ပြုလုပ်ပြီး ရရှိလာသော E-Boarding Pass အား Print ထုတ်ပြီး ယူဆောင်လာရမည်ဖြစ်သည်။ Mobile Application ကို App store နှင့် Google Play store တို့တွင် Download ပြုလုပ်ပြီးMobile Application တွင် ခရီးစဉ်အချိန်ဇယားများရှာဖွေခြင်း၊ လေယာဉ်လက်မှတ် ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ မိမိ၏ခရီးစဉ်အချက်အလက်များစစ်ဆေးခြင်း၊ Online Check-in ပြုလုပ်ခြင်းနှင့် E-Boarding Pass ရယူခြင်းအစရှိသော ခရီးစဉ်ဆိုင်ရာဝန်ဆောင်မှုများကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံပိုင်မြန်မာအမျိုးသားလေကြောင်းလိုင်း၏ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းရန် ဒုတိယမြောက် Boeing 737-800 NG လေယာဉ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မေ ၂၇ ရက်ညနေပိုင်းက ရောက်ရှိခဲ့ပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းပျံသန်းနေသည့် ပြည်ပခရီးစဉ်များတွင် အားဖြည့်တိုးချဲ့ ပျံသန်းသွားမည်ဖြစ်သည်။

လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းသည် ရန်ကုန်-စင်ကာပူ-ရန်ကုန်ခရီးစဉ်အားနေ့စဉ် ရန်ကုန်-ကွာလာလမ်ပူ-ရန်ကုန်ခရီးစဉ်အား အပတ်စဉ် အင်္ဂါနေ့တွင်လည်းကောင်း၊ ရန်ကုန်-ဘန်ကောက်-ရန်ကုန်ခရီးစဉ်အား နေ့စဉ်ပျံသန်းလျက်ရှိသည်။

Most Read

Most Recent