၂၀၂၂ ခုနှစ် ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သော စစ်တွေ (ရွှေမင်းဂံဆိပ်ကမ်း) နှင့် မောင်တော (ကညင်ချောင်းဆိပ်ကမ်း)တို့မှ ဒေါ်လာသုံးသန်းနီးပါး ကုန်သွယ်မှုပြုလုပ်

၂၀၂၂ ခုနှစ် ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သော စစ်တွေ (ရွှေမင်းဂံဆိပ်ကမ်း) နှင့် မောင်တော (ကညင်ချောင်းဆိပ်ကမ်း)တို့မှ ဒေါ်လာသုံးသန်းနီးပါး ကုန်သွယ်မှုပြုလုပ်
စစ်တွေ (ရွှေမင်းဂံဆိပ်ကမ်း)ကို တွေ့ရစဉ် (Photo: RSCCI)
စစ်တွေ (ရွှေမင်းဂံဆိပ်ကမ်း)ကို တွေ့ရစဉ် (Photo: RSCCI)
Published 5 May 2022

၂၀၂၂ခုနှစ် ဧပြီလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုဖြစ်သော စစ်တွေ (ရွှေမင်းဂံဆိပ်ကမ်း) နှင့် မောင်တော (ကညင်ချောင်းဆိပ်ကမ်း)တို့မှ ဒေါ်လာသုံးသန်းနီးပါး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ  သိရသည်။

စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်မျိုးစုံတန်ချိန် ၄၃၆၆ တန် (ဒေါ်လာ ၀ ဒသမ ၉၉ သန်း) တင်ပို့ခဲ့ပြီး သွင်းကုန်တီရှပ် ဒေါ်လာ ၀ ဒသမ ၀၀၁၀၅ သန်းဖိုး တင်သွင်းခဲ့ကြောင်း၊ မောင်တောနယ်စပ် (ကညင်ချောင်းကုန်သွယ်ရေးဇုန်)မှ ပို့ကုန်မျိုးစုံတန်ချိန် ၂၄၁၈ တန် (ဒေါ်လာ၁ဒသမ၈၆ သန်း)ဖိုး ဆောင်ရွက်နိုင်ခဲ့ပြီး သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၀၇၉ သန်းတန်ဖိုးရှိသော  PVC ပိုက်ဆက်ပစ္စည်းများနှင့် ရေပေးဝေရေးလုပ်ငန်းသုံး ရေစုပ်မော်တာများနှင့် လက်နှိပ်ရေတုံကင်ပန့်များ တင်သွင်းခဲ့ကြောင်း သိရသည်။

ယင်းသို့ဆောင်ရွက်ခဲ့ရာတွင် ရေထွက်ပစ္စည်းတင်ပို့မှုမှာ ဒေါ်လာ ၁ ဒသမ ၄၆ သန်းဖိုး တင်ပို့နိုင်ခဲ့ပြီးပို့ကုန်တန်ဖိုးအားလုံး၏ ၅၁ ရာခိုင်နှုန်းရှိပြီး သွင်းကုန်ဆောင်ရွက်မှုမှာ ၀ ဒသမ ၃ ရာခိုင်နှုန်းသာရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁-၂၀၂၂ (Mini Budget) ခြောက်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် စစ်တွေ၊ မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းနှစ်ခုမှ ကုန်သွယ်မှု ဒေါ်လာ ၃၈ သန်းကျော် ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini Budget) အောက်တိုဘာ ၁ ရက်မှ မတ် ၃၁ ရက်အထိ ခြောက်လအတွင်း စစ်တွေနယ်စပ်မှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၁၁  ဒသမ ၂၁၅ သန်း၊ သွင်းကုန်ဒေါ်လာ ၁၅ ဒသမ ၅၂၉  သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၆ ဒသမ ၇၄၄ သန်း ရရှိခဲ့သည်။မောင်တောနယ်စပ်မှ ပို့ကုန်ဒေါ်လာ ၁၁ ဒသမ ၇၂၇ သန်း၊ သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၆၃ သန်း ဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၁ ဒသမ ၇၉၀ သန်းရရှိခဲ့သည်။

မြန်မာဖက်မှပို့ကုန်များအား ၂၀၂၁ ခု နှစ် အောက်တိုဘာ ၁၆ မှစတင်တင်ပို့ခဲ့ပြီး  ဒီဇင်ဘာ ၁၇ ရက်အထိ ကုန်သွယ်မှုစာရင်း များအရ စစ်တွေနှင့် မောင်တောစခန်းနှစ်ခုမှ ပို့ကုန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းနှင့် သွင်းကုန်ဒေါ်လာ ၀ ဒသမ ၀၃၈ သန်းကုန် သွယ်မှု ပြုလုပ်ခဲ့သည်။

တင်ပို့ကုန်များထဲတွင် ရေထွက်ကုန်တန်ဖိုး ဒေါ်လာ ၅ ဒသမ ၀၀၁ သန်းတင်ပို့နိုင်ခဲ့ကြောင်းနှင့် ရေချိုငါး (ငါးမြစ်ချင်း) အများ ဆုံး တင်ပို့ခဲ့ပြီး ရခိုင်ဒေသထွက် ငါးမုတ်မဲ၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်နှင့် ငါးစုံကလေးခြောက်တို့ကို တင်ပို့နိုင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကုန်သွယ်မှု ပြန်လည်စတင်သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ မှ နိုဝင်ဘာ ၃ ရက်အထိ နှစ်ပတ် အတွင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ ဒသမ ၃၆ သန်းရှိကာ ပို့ကုန်တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၃၅ သန်းကျော်ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ရွှေမင်းဂံဆိပ်ကမ်းမှ နှစ်ပတ်အတွင်း ကုန်သွယ်မှုတန်ဖိုး ၁၃၅၆၇၆၁ ဒေါ်လာ (၁ ဒသမ ၃၆ သန်း)ရရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုမှ ၁၃၅၃၂၆၁ ဒေါ်လာ (၁ ဒသမ ၃၅ သန်းကျော်) နှင့် သွင်းကုန်တင်သွင်းမှုမှ ဒေါ်လာ ၃၅၀၀ ရှိခဲ့သည်။

တင်ပို့ကုန်ပစ္စည်းအများစုမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဂျင်းစိမ်း၊ ဇီးယိုမျိုးစုံ၊ မကျည်းသီး၊ မကျည်းစေ့တို့ဖြစ်ကြောင်း  ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်  စစ်တွေရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးဆိပ်ကမ်းတို့ကို COVID-19 တတိယလှိုင်းကြောင့် ၂၀၂၁ ခုနှစ် ဇူလိုင် ၁၅ ရက်မှစ၍ ပိတ်ထားခဲ့ရာ မှ လက်ရှိအချိန်တွင် ပြန်လည်ဖွင့်လှစ် ထားပြီဖြစ်သည်။

 

 

Most Read

Most Recent