ဧပြီလနောက်ဆုံးပတ်တွင် အသစ်ပေါ်သည့် အညာစပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့် စျေးတက်နေ

ဧပြီလနောက်ဆုံးပတ်တွင် အသစ်ပေါ်သည့် အညာစပဲတီစိမ်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့် စျေးတက်နေ
မန္တလေးတိုင်းဒေသကြီးရှိ ပဲသိုလှောင်ရုံတစ်ရုံကို တွေ့ရစဉ်
မန္တလေးတိုင်းဒေသကြီးရှိ ပဲသိုလှောင်ရုံတစ်ရုံကို တွေ့ရစဉ်
Published 3 May 2022
မင်းလတ်

မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)စျေးကွက်တွင် ဧပြီလနောက်ဆုံးပတ်တွင် ပဲအသစ်ပေါ်လာသည့် အညာစပဲတီစိမ်း ပေါ်ခါစစျေးထက် သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၂၀၀၀၀ ခန့်စျေးတက်နေသည်ဟု မန္တလေးမြို့ပဲကုန်သည်များထံမှ သိရသည်။

“အညာစပဲတီစိမ်း အသစ်ပေါ်နေပြီ။ ပဲကမိုးလည်းလွတ်တယ်။ အရောင်အသွေးလည်းကောင်းတော့ စျေးကွက်မှာ စျေးကောင်းရတယ်။ ဒီနေ့ (မေ ၃ ရက်)စျေးဆို ၁၄၈၀၀၀ ကျော်အထိစျေးရှိတယ်။ အညာစပဲတီစိမ်းက သင်္ကြန်အပြီးလောက်မှာ ပဲအသစ်တွေပေါ်လာတယ်။ စပေါ်တုန်းက ပဲစျေးက ၁၂၅၀၀၀ စျေးရှိတာ။ အဓိကစျေးတက်လာရတာက ပဲကောင်းလို့ ပြောရမယ်။ ပဲက အရောင်အသွေးကောင်းတော့ စျေးကောင်းတွေရတာပေါ့။ သုံးတင်းဝင်တစ်အိတ် ကျပ်၂၀၀၀၀ လောက်စျေးတက်တယ်။ ကုလားပဲအုပ်စုဝင် ပဲတွေ စျေးအေးတယ်။ ပုံမှန်လောက် အရောင်းအဝယ်ဖြစ်ကြတယ်။ V2 ကုလားပဲ ၁၃၃၀၀၀ စျေး၊ ထိုင်ဝမ်ကုလားပဲက ၁၂၁ဝဝဝစျေး၊ ၉၂၉ ကုလားပဲ ၁၂၅ဝဝဝစျေး၊ V7 ကုလားပဲ ၁၃၆၀၀၀ စျေးရှိတယ်။ ခရမ်းရွှေဝါပဲတီစိမ်း ပစ္စည်းကောင်းရင် ၁၅၃၀၀၀ စျေး၊ လမ်းပဲပစ္စည်းညံ့ရင် ၁၃၅၀၀၀ ကနေ ၁၄၀၀၀၀ ကြား စျေးရှိပြီး ပစ္စည်းကောင်းရင် ၁၄၀၀၀၀ ကနေ ၁၄၅၀၀၀ ကြားစျေးရှိတယ်။ ပဲစင်းငုံ ၁၂၈၀၀၀ စျေး၊ မတ်ပဲ ၁၄၀၀၀၀ စျေးရှိပြီး ပဲစျေးအေးတယ်လို့ပြောရမယ်။ အခုစျေးကွက်ထဲကို အညာစပဲတီစိမ်းတွေက ကျောက်ဆည်နယ် မတ္တရာနယ်တွေကနေ ဝင်ရောက်နေပါတယ်” ဟု မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များက ထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်) ပြန်ကြားရေးတာဝန်ခံက ပြောကြားသည်။

နွေပဲတီစိမ်းသီးနှံကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဧရာဝတီမြစ်ကမ်း၊ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်တွင် မြစ်ရေသွင်း၍ စိုက်ပျိုးလျက်ရှိရာ ယခုအခါတွင် ပဲတီစိမ်းသီးနှံများ မန္တလေးပဲစျေးကွက်ထဲသို့ စတင်ဝင်ရောက်လာပြီဖြစ်ကြောင်း ကုန်သည်များထံမှ သိရသည်။

Most Read

Most Recent