ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်တွင် နိုင်ငံတကာ ပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသူ ခရီးသည်များကို လွယ်ကူမြန်ဆန်၍ ကုန်ကျစရိတ်သက်သာစေပြီး အချိန်တိုအတွင်း ဓာတ်ခွဲအဖြေရရှိနိုင်သည့် COVID-19 Antigen Rapid Diagnostic Test (RDT) နည်းဖြင့် COVID-19 ရောဂါပိုးစစ်ဆေးပေးလျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။
နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များကို ဧပြီ ၁၇ ရက်မှစတင်၍ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသူခရီးသည်များကို COVID-19 ရောဂါပိုး ရှိ/မရှိ RT-PCR နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ပြီး ဟိုတယ်တွင် ၂၄ နာရီ အဖြေစောင့်ဆိုင်းခြင်းစနစ်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆိုပါခရီးသည်များတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု နည်းပါးကြောင်း တွေ့ရှိရကြောင်း သိရသည်။
သို့ဖြစ်၍ နိုင်ငံတကာပုံမှန်လေကြောင်း ခရီးစဉ် (Commercial Flight) များဖြင့် ဝင်ရောက်လာသူခရီးသည်များကို COVID-19 ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နောက်တစ်ဆင့်ထပ်မံ၍ ဖြေလျှော့ပေးခြင်းအနေဖြင့် မြန်မာနိုင်ငံသို့မရောက်ရှိမီ ၇၂ နာရီအတွင်း RT-PCR ဖြင့် စစ်ဆေးထားသော COVID-19 ရောဂါပိုးမရှိကြောင်း ဓာတ်ခွဲစစ်ဆေးခြင်း အထောက်အထား၊ ကျန်းမာရေးဝန်ကြီးဌာနက အသိအမှတ်ပြုထားသော်လည်း COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံထားမှုမှတ်တမ်းများ၊ COVID-19 အပါအဝင် ကူးစက်ရောဂါ သံသယလက္ခဏာများ မရှိကြောင်း ကြေညာချက်မှတ်တမ်းများပါရှိသူ မြန်မာနိုင်ငံသားခရီးသည်များနှင့် အဆိုပါအထောက်အထားများနှင့် တွဲဖက်၍ မြန်မာ့အာမခံလုပ်ငန်းမှ ဝယ်ယူထားသည့် ကျန်းမာရေးအာမခံပါရှိသူ နိုင်ငံခြားသားများအား လွယ်ကူမြန်ဆန်၍ ကုန်ကျစရိတ်သက်သာစေမည့် RDT နည်းဖြင့် ပြောင်းလဲ၍ ဓာတ်ခွဲစစ်ဆေးဆောင်ရွက်မှုများကို ဧပြီ ၁ ရက်မှစ၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားမှုများ ဆက်တိုက်ကျဆင်းလာခြင်း၊ COVID-19 ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာခြင်းနှင့်အတူ နိုင်ငံတကာခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ဝင်ရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများအတွက် နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Flight) များ ပြန်လည်စတင်၍ ပြေးဆွဲခွင့်ပြုခြင်းနှင့် COVID-19 ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများအား ဖြေလျော့ပေးမှုများကို ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအရ တစ်ဆင့်ချင်းဖြေလျှော့ပေးလျက်ရှိကြောင်း သိရသည်။










