လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် ပင်လယ်ရေကြောင်းမှ သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၇၀ ကျော်ဖြစ်ပေါ်

လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် ပင်လယ်ရေကြောင်းမှ သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုကဏ္ဍ၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၇၀ ကျော်ဖြစ်ပေါ်
 ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ်
Published 30 April 2022

လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် ပင်လယ်ရေကြောင်းမှ သွင်းကုန်တင်သွင်းမှု မြင့်တက်ခဲ့သဖြင့် မြန်မာနိုင်ငံ၏ ပြည်ပကုန် သွယ်မှု၌ ကုန်သွယ်ရေးလိုငွေ ဒေါ်လာသန်း ၇၀ ကျော်ဖြစ်ပေါ်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသည့် စာရင်းများအရ သိရသည်။

ကုန်သွယ်ရေးလိုငွေဆိုသည်မှာ မိမိနိုင်ငံက တင်ပို့သည့်ပို့ကုန်ပမာဏထက် အခြားနိုင်ငံများမှ တင်သွင်းသည့် သွင်းကုန်ပမာဏ က ပို၍များနေခြင်းကို ဆိုလိုသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုနှင့် နယ်စပ်ကုန် သွယ်မှု နှစ်ခုလုံးဖြင့် ကုန်သွယ်ရေး ဆောင်ရွက်နေခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုတွင် သွင်းကုန်တင် သွင်းမှု မြင့်တက်ခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှုတွင်မှု သွင်းကုန်တင်သွင်းမှုလျော့ကျပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှုက ပို၍များ နေခြင်းတွေ့ရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၂၂ ရက်အထိ သုံးပတ်ကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၁ ဒသမ ၅၅၈ ဘီလျံရရှိထားသည်။

အဆိုပါကာလအတွင်း စုစုပေါင်းပို့ ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၇၄၄ ဒသမ ၁၅၆ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၈၁၄ ဒသမ ၄၃၀ သန်းအထိ ရှိသည်။

လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှု၌ ပို့ကုန်တင်ပို့မှုပမာဏသည် သွင်းကုန်တင်သွင်းမှု  ပမာဏထက် ဒေါ်လာ ၇၀ ဒသမ ၂၇၄ သန်း လျော့ကျခဲ့သည်။ ထို့ကြောင့် ကုန်သွယ်ရေး လိုငွေ ဒေါ်လာ ၇၀ ဒမသ ၂၇၄ သန်းဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် ပင်လယ်ရေကြောင်းကုန်သွယ်မှု ဒေါ်လာ ၁ ဒသမ ၂၆၄ ဘီလျံရှိသည်။ ယင်းအနက် ပို့ ကုန်တင်ပို့မှုပမာဏ ဒေါ်လာ ၅၁၆ ဒသမ ၉၁၅ သန်းသာရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၇၄၇ ဒသမ ၉၈၆ သန်းရှိ သည်။ ပင်လယ်ရေကြောင်းမှတဆင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုများကို နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင် သွင်းမှုထက် ဒေါ်လာ ၂၃၁ ဒသမ ၀၇၁သန်း ပို၍လျော့ကျနေခြင်းဖြစ်သည်။

သို့သော် နယ်စပ်ကုန်သွယ်မှုတွင် မြန်မာနိုင်ငံမှ ပို့ကုန်တင်ပို့မှု ပိုမိုတင်ပို့ထားနိုင်ခဲ့ပြီး လက်ရှိဘဏ္ဍာနှစ် သုံးပတ်ကျော်တွင် နယ်စပ်ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၉၃ ဒသမ ၆၈၅ သန်းရှိသည်။ ယင်းအနက် ပို့ကုန် တင်ပို့မှုပမာဏ ဒေါ်လာ ၂၂၇ ဒသမ ၂၄၁ သန်းအထိရှိပြီး သွင်းကုန်တင်သွင်းမှုပမာဏ ဒေါ်လာ ၆၆ ဒသမ ၄၄၄ သန်းသာရှိသည်။

နယ်စပ်ကုန်သွယ်မှုမှတဆင့် ပို့ကုန်တင်ပို့မှုနှင့် သွင်းကုန်တင်သွင်းမှုများကို နှိုင်းယှဉ်ပါက ပို့ကုန်တင်ပို့မှုသည် သွင်းကုန်တင်သွင်း မှုထက် ဒေါ်လာ ၁၆၀ ဒသမ ၇၉၃ သန်း ပို၍များနေခြင်းဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်အလိုက် ကုန်သွယ်ရေး လို ငွေ/ပိုငွေဖြစ်ပေါ်မှုများကို လေ့လာကြည့်ပါက ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ငါးဘီလျံကျော်ရှိ ခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံ ကျော်၊ ၂၀၁၈ ခုနှစ်ကြားကာလ ခြောက်လတွင် ကုန်သွယ်ရေးလိုငွေ ဒေါ်လာ တစ်ဘီလျံကျော်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကုန်သွယ်ရေးလိုငွေ  ဒေါ်လာတစ်ဘီလျံကျော်၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ရှိခဲ့ကြောင်း သိရသည်။

 

                                                                                               

Most Read

Most Recent