ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခွန်အကောက်ပေးဆောင်တင်သွင်းသည့်ကိစ္စရပ်များတွင် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားရမည်

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခွန်အကောက်ပေးဆောင်တင်သွင်းသည့်ကိစ္စရပ်များတွင် ဒီဇင်ဘာ ၁၅ ရက်မှစ၍ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနသို့ တိုက်ရိုက်လျှောက်ထားရမည်
Published 14 December 2021

မြန်မာနိုင်ငံရင်းနှီမြှုပ်နှံမှုကော်မရှင် (MIC) ၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်၊အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသောလုပ်ငန်းများက အခွန်အကောက်ပေးဆောင် တင်သွင်းသည့်ကိစ္စရပ်များတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၃၀ အရ ကော်မရှင်၏ ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ကုန်သွယ်ရေးစီးဌာနနှင့်အကောက်ခွန်ဦးစီးဌာနများသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အမိန့်ကြော်ငြာစာအမှတ် ၂၆/၂၀၂၁ ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၁၀၀ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယခုအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများက လုပ်ငန်းနှင့်သက်ဆိုင်သော စက်ပစ္စည်း၊ လုပ်ငန်းသုံးပစ္စည်းနှင့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာ၌ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများ၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များဖြင့် ဆောင်ရွက်နေသော လုပ်ငန်းများက အခွန်အကောက်ပေးဆောင်တင်သွင်းသည့် ကိစ္စရပ်များ (အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တပ်ဆင် ထုတ်လုပ်သောလုပ်ငန်းများ၏ ကုန်ကြမ်း ပစ္စည်းတင်သွင်းခြင်းနှင့် လုပ်ငန်းသုံး သကြား တင်သွင်းခြင်း ကိစ္စရပ်များအပ) တွင် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေ ၂၃၀ အရ ကော်မရှင်၏ထောက်ခံချက်ရယူရန် မလိုအပ်ဘဲ ကုန်သွယ်ရေးဦးစီးဌာနနှင့် အကောက်ခွန်ဦးစီးဌာနများသို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစ၍ တိုက်ရိုက်လျှောက်ထား ဆောင်ရွက်ရမည်ဖြစ်သည်။

အရက်၊ ဘီယာ၊ စီးကရက်၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် တပ်ဆင်ထုတ်လုပ်သော လုပ်ငန်းများ၏ ကုန်ကြမ်းပစ္စည်း တင်သွင်းခွင့်နှင့် လုပ်ငန်းသုံးသကြား တင်သွင်းခွင့်များ တင်ပြလျှောက်ထားရာတွင် နှစ်အလိုက် ကုန်ကြမ်းလိုအပ်ချက်ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တစ်နှစ်ချင်းအလိုက် တင်ပြလျှောက်ထားဆောင်ရွက်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent