မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာတင်သွင်းရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (စ) အရ  မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာတင်သွင်းရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (စ) အရ  မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်
Published 14 December 2021

မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck.Off) အဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၃ ရက်က အမိန့်ကြော်ငြာစာအမှတ် (၁၄၃/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ် ဇူလိုင်မှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခံရသည့်ကုမ္ပဏီ ၁၇၀၀ အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု   ဦးစီးဌာနက ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကုမ္ပဏီ ၃၀၀၊ သြဂုတ်လအတွင်း ကုမ္ပဏီ ၂၀၀၊ စက်တင်ဘာလအတွင်း ကုမ္ပဏီ ၄၀၀ နှင့် အောက်တိုဘာလအတွင်း ကုမ္ပဏီ ၄၀၀၊ နိုဝင်ဘာလအတွင်း ကုမ္ပဏီ ၄၀၀ ဖြင့် စုစုပေါင်းကုမ္ပဏီ ၁၇၀၀ အထိ ရှိနေသည်။

MyCO ၌ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြခြင်းကို ဆောင်ရွက်ရမည်ဟု သိရသည်။

Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ Profile ၌ ဖော်ပြထားသဖြင့် အဆိုပါရက်မတိုင်မီ မှတ်ပုံကြေးကျပ် ၅၀၀၀၀ ပေးသွင်းတင်ပြရန်ဖြစ်ကြောင်း၊ Annual Return တင်ပြရမည့်ရက်ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင် နောက်ကျကြေး (late Fee) ကျပ် ၁၀၀၀၀၀ ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

Annual Return တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း  ထပ်မံပေးသွင်းရမည်ဖြစ်သည်။

Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။

ပယ်ဖျက်ဖြစ်ပြီး ကုမ္ပဏီအမည်အား ပြန်လည်အသက်သွင်းလိုပါက ကုမ္ပဏီမှ တရားရုံးကင်းလွတ်ခွင့်အမိန့်ဖြင့် MyCO တွင် 1-5 ဖြင့် ပြန်လည်တင်ပြရမည်ဟု သိရသည်။

Most Read

Most Recent