၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ ဆောက်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၅၅ ဒသမ ၈၆၂ ဘီလျံကျော်အထိ မြှုပ်နှံထား

၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ ဆောက်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၅၅ ဒသမ ၈၆၂ ဘီလျံကျော်အထိ မြှုပ်နှံထား
စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တွေ့ရစဉ်
စီးပွားရေးမြို့တော် ရန်ကုန်မြို့ကို တွေ့ရစဉ်
Published 11 December 2021

၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ ဆောက်လုပ်ရေးကဏ္ဍတွင် မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၁၁၅၅ ဒသမ ၈၆၂ ဘီလျံကျော် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးနှင့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံးခွင့်ပြုပေးလိုက်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုခွင့်ပြုလုပ်ငန်း ၁၇ ခုနှင့် အတည်ပြုလုပ်ငန်း ၄၄ ခု၊ စုစုပေါင်း လုပ်ငန်း ၆၁ ခုကို ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်း ကျပ် ၁၁၇၁၈၀၃ ဒသမ ၈၀၉ သန်း ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများအနက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၁၇ ခု၊အတည်ပြုလုပ်ငန်းရှစ်ခုတို့ကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီများက အတည်ပြုလုပ်ငန်း စုစုပေါင်း ၃၆ ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် ၁၃၆၇၀ ဦးကို ဖန်တီးပေးနိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၉၃၇၅၉၆ ဒသမ ၂၅၃ သန်းဖြင့် အများဆုံးခွင့်ပြုပေးခဲ့ပြီး ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၈၄၃၄၅ ဒသမ ၁၀၀ သန်းဖြင့် ဒုတိယအများဆုံး၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၆၈၂၆၉ ဒသမ ၆၃၈ သန်းဖြင့် တတိယအများဆုံးဝင်ရောက်ခဲ့သည်။

ကျန်ကဏ္ဍများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ အိမ်ရာအဆောက်အအုံတည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ဓာတ်အားကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့်  တတိယအများဆုံးဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး ၇၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။

လျှပ်စစ်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်း၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအမျိုးအစားရှစ်မျိုးကို ဦးစားပေးဆောင်ရွက်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ထားသည်။