ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများ ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ရေး တရုတ်နိုင်ငံ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်မှတ်ရေးထိုး

ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများ ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ရေး တရုတ်နိုင်ငံ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် လက်မှတ်ရေးထိုး
ပြည်တွင်းစားသုံးသည့် ဆန်များ ပခုက္ကူဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်။(ဓာတ်ပုံ-သက်ထိန်ဝင်း)
ပြည်တွင်းစားသုံးသည့် ဆန်များ ပခုက္ကူဆိပ်ကမ်း၌ အတင်အချပြုလုပ်နေမှုကို ယခင်နှစ်က တွေ့ရစဉ်။(ဓာတ်ပုံ-သက်ထိန်ဝင်း)
Published 9 December 2021

ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများ နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှု ပြုလုပ်ရေးအတွက် တရုတ်နိုင်ငံ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ CITIC Group နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ လက်မှတ်ရေးထိုးသည့် Memorandum of Agreement အရ ဆန်၊ ဆန်ကွဲ၊ ပြောင်းနှင့် ဓာတ်မြေသြဇာများကို နှစ်စဉ်နှစ်ဖက်ညှိနှိုင်းမှုဖြင့် ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ခြင်းကို ဝန်ကြီးဌာနအနေဖြင့် အထူးအားပေးကြောင်း၊ မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ဆောင်ရွက်သည့် နိုင်ငံဖြစ်သည့်အတွက် လယ်ယာကဏ္ဍမှထွက်ရှိသည့် ဆန်၊ ပြောင်း၊ ပဲမျိုးစုံစသည့် လယ်ယာထွက် ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်ရေးနှင့် စျေးကွက်တည်ငြိမ်မှုရရှိရေးသည် လွန်စွာအရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍပူး ပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တရုတ်နိုင်ငံ၏ Belt and Road အစီအစဉ်နှင့် ချိတ်ဆက်ပူးပေါင်းကာ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာဘေးကင်းလုံခြုံရေးနှင့် တောင် သူလယ်သမားများ၏ စီးပွားရေးအခွင့်အလမ်းများ တိုးတက်ရရှိကာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးကိုပါ ဖော်ဆောင်ပေးရန် အရေးကြီးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ မေလလယ်အထိ ပြည်ပသို့ မြန်မာ့ဆန် ဆန်တန်ချိန် ၇ ဒသမ ၈ သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး ယခင်နှစ်ကာလတူထက် တန်ချိန် လေးသိန်းကျော် လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာ၁ ရက်မှ မေ ၁၄ ရက်အထိ ယာယီစာရင်းများအရ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်သို့  ဆန်နှင့် ဆန်ကွဲတင်ပို့နိုင်မှု အခြေအနေအရ ဆန်တန်ချိန် ၇၈၇၆၂၆ ဒသမ ၆၄၃ တန် တင်ပို့မှုမှ ဒေါ်လာ ၃၂၀ ဒသမ ၃၉၉ သန်းရရှိထားသည်။ ဆန်ကွဲတန်ချိန် ၅၈၉၄၁၅ ဒသမ ၃၃၀ တန်တင်ပို့မှုမှဒေါ်လာ၂၀၃ ဒသမ ၈၁၅ သန်းရရှိထားကာ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် ၁၃၇၇၀၄၁ ဒသမ ၉၇၃ တန်တင်ပို့မှုမှ ဒေါ်လာ ၅၂၄ ဒသမ ၂၁၄ သန်း ရရှိထားသည်။

ယခင်နှစ်ကာလတူတွင် ဆန်တန်ချိန် ၁၂၁၂၈၅၅ ဒသမ ၆၄၃ တန်တင်ပို့မှုမှဒေါ် လာ ၃၇၂ ဒသမ ၆၅၈ သန်း ရရှိထားသည်။ ဆန်ကွဲတန်ချိန် ၆၃၇၇၇၂ ဒသမ ၀၈ တန်တင်ပို့မှုမှ ဒေါ်လာ ၁၆၇ ဒသမ ၀၅၇ သန်း ရရှိခဲ့သည်။ စုစုပေါင်းဆန်နှင့် ဆန်ကွဲတန်ချိန် ၁၈၅၀၆၂၇ ဒသမ ၇၂၃ တန်တင်ပို့မှုမှ ဒေါ်လာ ၅၃၉ ဒသမ ၇၁၅ သန်း ရရှိခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရှိရသည်။

အဆိုပါကာလတူနှစ်ခုကို နှိုင်းယှဉ်ပါက ဆန်တန်ချိန် ၄၂၅၂၂၉တန်၊ တန်ဖိုး ဒေါ်လာ ၅၂ ဒသမ ၂၅၉ သန်းလျော့နည်းခဲ့သည်။ ဆန်ကွဲတင်ပို့မှုတွင် တန်ချိန် ၄၈၃၅၆ ဒသမ ၇၅၀ တန် လျော့နည်းခဲ့သော်လည်း ဒေါ်လာ ၃၆ ဒသမ ၇၅၈ သန်းပိုမိုရရှိခဲ့ကြောင်း သိရသည်။

ဆန်နှင့် ဆန်ကွဲကို တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ ဆန်ကွဲတင်ပို့နိုင်မှု မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ  သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ၌ တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေပြီး ဥရောပနိုင်ငံများနှင့် အာဖရိကနိုင်ငံများသို့လည်း တင်ပို့နေခြင်း ဖြစ်သည်။ နယ်စပ်ကုန်သွယ်ရေးနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု နှစ်ခုစလုံးမှ တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ကွဲကို ပြည်ပတင်ပို့ရာ၌ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အီးယူစျေးကွက်၊ အာဖရိကစျေးကွက်သို့ တင်ပို့လျှက်ရှိပြီး မူဆယ်နယ်စပ်မှတဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်း ဖြစ်သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင်  ပြည်ပသို့ ဆန်တင်ပို့မှုလျော့ကျခဲ့သော်လည်း ဆန်ကွဲတင်ပို့မှု မြင်တက်ခဲ့သဖြင့် ယခင်နှစ်ကာလတူထက် ဝင်ငွေဒေါ်လာ ၈၄ သန်းကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။