ဒီဇင်ဘာလ ပထမပတ်အတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ခြင်း၊ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံအားလုံး ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခြင်း

ဒီဇင်ဘာလ ပထမပတ်အတွင်း ဗဟိုဘဏ်က နိုင်ငံခြားငွေစျေးပြိုင်လေလံစနစ်ဖြင့် ဒေါ်လာ ၁၅ သန်းရောင်းချခဲ့ခြင်း၊ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံအားလုံး ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခြင်း
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို တွေ့ရစဉ်
Published 5 December 2021

၂၀၂၁ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ဗဟိုဘဏ်က စျေးပြိုင်လေလံ စနစ်ဖြင့် တစ်ဒေါ်လာငွေလဲနှုန်း ၁၇၈၀ ကျပ်ဖြင့် ဒေါ်လာ ၁၅ သန်း ထပ်မံရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ဒေါ်လာ ထုတ်ရောင်းချမှုအနေဖြင့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီအတွင်း ဒေါ်လာ ၆ ဒသမ ၈ သန်း၊ မတ်လအတွင်း ရောင်းချမှု မရှိခဲ့ပေ။ ဧပြီလအတွင်း ဒေါ်လာ ၁၂ သန်း၊ မေလအတွင်း ဒေါ်လာ ၂၄ သန်း၊ ဇွန်လအတွင်း ဒေါ်လာ ၁၂ သန်း၊ ဇူလိုင်လအတွင်း ဒေါ်လာ ၃၉ သန်း၊ သြဂုတ်လအတွင်း ဒေါ် လာ၂၈ သန်း၊ စက်တင်ဘာလအတွင်း ဒေါ်လာ ၆၃ သန်း ရောင်းချခဲ့သည်။

ကာလတိုအတွင်း နိုင်ငံခြားငွေ လဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံခြားသုံးသီးသန့် အရန်ငွေ ဖြည့်တင်းရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က  နိုင်ငံခြားငွေစျေးပြိုင်လေလံ ဖွင့်လှစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၎င်း၏ နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန် ငွေဖြည့်တင်းရန် အချက်နှစ်ချက်ကို အကောင်အထည်ဖော်ရန်အတွက် စည်းမျဉ်း အခြေခံသည့် နိုင်ငံခြားငွေစျေးပြိုင်လေလံအား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် စျေးပြိုင်လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေစျေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer-AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင်ဘဏ်  သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြား သုံးငွေလုပ်ငန်းဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျ ကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန် တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာ) ရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့် ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ် ဒေါ်လာ လဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ စျေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံးလဲလှယ်နှုန်းနှင့် အနိမ့်ဆုံးလဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြား ငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံ အရောင်းအဝယ်စနစ် (Real Time Dealing Platform) ကို အသုံးပြု၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။

မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံအားလုံးကို ဒီဇင်ဘာ ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ခြင်း

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ရန် ကမ္ဘာ့နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံးကို ဒီဇင်ဘာ ၃၁  ရက်အထိ ထပ်မံတိုးမြှင့် သတ်မှတ်ကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ချက်အရ သိရသည်။

COVID-19 ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်သည့် အစီအမံများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန် မြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားများအပေါ် ပြည်ဝင်ခွင့် ယာယီကန့်သတ်ချက်များအား ထုတ်ပြန်ထားခဲ့ပြီး အဆိုပါ ကန့်သတ်ချက်များအားလုံးကို ၂၀၂၁ခုနှစ် နိုဝင်ဘာ ၃၁ ရက်အထိ တိုးမြှင့်လိုက်ခြင်းအား ထပ်မံ၍ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးလေယာဉ် (သို့မဟုတ်) အထူးလေယာဉ်များဖြင့် လာရောက်ရန် ရှိပါက ပြည်ဝင်ခွင့်ဗီဇာ ဆိုင်ရာကန့်သတ်မှုများမှ ကင်းလွတ်ခွင့်ရရှိနိုင်ရန်အတွက် ပြည်ပနိုင်ငံများရှိ အနီးဆုံး မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent