၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ သန်းကျော်ဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ သန်းကျော်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်ဖြင့် တတိယအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး ခုနစ်ကြိမ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး ၇၄ ကြိမ် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်း ၂၆ ခု၊ စုစုပေါင်း ၄၈ ခု ရင်းနှီးမြှုပ်နှ့မှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၇၉၁ ဒသမ ၃၉၈ သန်း ခွင့်ပြုခဲ့သည်။
အဆိုပါ လုပ်ငန်းများအနက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလုပ်ငန်း ၂၂ ခု၊ အတည်ပြုလုပ်ငန်းလေးခုကို ခွင့်ပြုပေးခဲ့ပြီး တိုင်းဒေသကြီး/ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီများက အတည်ပြုလုပ်ငန်း ၂၂ ခုကို ခွင့်ပြုပေးခဲ့သည်။ အဆိုပါလုပ်ငန်းများက ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၃၉၅၆ ဦးကို ဖန်တီးပေးခဲ့ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၃၁၂၁ ဒသမ ၃၂၃ သန်းဖြင့် အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍတွင် ဒေါ်လာ ၂၈၆ ဒသမ ၀၂၃ သန်းဖြင့် ဒုတိယအများဆုံးဖြစ်ကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ ဒသမ ၅၀၀ သန်းဖြင့် တတိယအများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကျန်ကဏ္ဍများမှ အခြားဝန်ဆောင်မှုကဏ္ဍ ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်မှုကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍနှင့်အိမ်ရာ အဆောက်အအုံ တည်ဆောက်မှုကဏ္ဍတို့တွင်လည်း ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့သည်။
အထူးစီးပွားရေးဇုန် ဥပဒေအရ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၁၀၂ ဒသမ ၀၆၃ သန်းဖြစ်သည်။
ထို့ကြောင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း စုစုပေါင်းနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဒေါ်လာ ၃၈၉၃ ဒသမ ၄၆၁ သန်းဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၄ ဒသမ ၈၈၃ သန်း ဝင်ရောက်မှုတွင် တရုတ်နိုင်ငံက ဒေါ်လာခုနစ်သန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
အောက်တိုဘာလအတွင်း နိုင်ငံအလိုက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုအနေဖြင့် တရုတ်နိုင်ငံက ဒေါ်လာ ၇ ဒသမ ၁ သန်း၊တိုင်ပေက ဒေါ်လာ ၃ ဒသမ ၂၀၈ သန်း၊ R.O.K က ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် ဒေါ်လာ ၃ ဒသမ ၀၇၅ သန်း၊ နီပေါက ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် စုစုပေါင်း ဒေါ်လာ ၁၄ ဒသမ ၈၈၃ သန်း ဖြစ်သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဒသမ ၇၉၁ ဘီလျံ ဝင်ရောက်မြှုပ်နှံထားမှုတွင် UK က ဒေါ်လာ ၂ ဒသမ ၅၀၆ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်သည်။
နိုင်ငံအလိုက် ဝင်ရောက်မြှုပ်နှံထားမှုအနေဖြင့် ဘရူနိုင်းက ဒေါ်လာ ၁ ဒသမ ၄၆၉ သန်း၊ တရုတ်က ဒေါ်လာ ၁၇၅ ဒသမ ၈၃၄ သန်း၊ တိုင်ပေက ဒေါ်လာ ၀ ဒသမ ၄၄၃ သန်း၊ H.K က ဒေါ်လာ ၁၁ ဒသမ ၁၃၈ သန်း ၊ အိန္ဒိယက ဒေါ်လာ ၁ ဒသမ ၂ သန်း၊ဂျပန်က ဒေါ်လာ ၅၁၈ ဒသမ ၇၆၁ သန်း၊ မလေးရှားက ဒေါ်လာ ၂ ဒသမ ၁ သန်း၊ Marshall Island က ဒေါ်လာ ၁၀ ဒသမ ၇၀၀ သန်း၊ R.O.K က ဒေါ်လာ ၃၂ ဒသမ ၆၁၄ သန်း၊ Samoa က ဒေါ်လာ ၀ ဒသမ ၅၀၀ သန်း၊ စင်ကာပူက ဒေါ်လာ ၄၂၉ ဒသမ ၃၃၆ သန်း ၊ ထိုင်းက ဒေါ်လာ ၉၉ ဒသမ ၁၈၅ သန်း၊ U.K က ဒေါ်လာ ၂၅၀၆ ဒသမ ၉၁၈ သန်း၊ ဗီယက်နမ်က ဒေါ်လာ ၁ ဒသမ ၂ သန်းဖြင့် စုစုပေါင်း ၃၇၉၁ ဒသမ ၃၉၈ သန်း ဝင်ရောက်မြှုပ်နှံထားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၁၀၀ ခုအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပုဒ်မ ၄၃၀ (စ) အရ မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck.Off) အဖြစ် ထုတ်ပြန်ထားသည်။










