ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ငွေသားပေးသွင်းသည့် ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ပေးရန်နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက သတ်မှတ်ထားသည့် ပမာဏအတိုင်းသာ ဆောင်ရွက်ပေးရန် နိုဝင်ဘာ ၁၅ ရက်စွဲဖြင့် ဗဟိုဘဏ်က ထုတ်ပြန်သည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုဆိုင်ရာ လိုက်နာဆောင်ရွက်ရန် ကိစ္စများတွင် ဖော်ပြထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် ဘဏ်များမှ အခြေပစ္စည်း၊ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အခြားငွေပေးချေမှုများအတွက် ငွေသားဖြင့်ဖြစ်စေ၊ စာရင်းပြောင်း နည်းလမ်းဖြင့်ဖြစ်စေ၊ ချက်လက်မှတ်/ငွေပေးအမိန့်လွှာများ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှု နည်းလမ်းများဖြင့် လက်ခံရရှိသည့် ငွေ ပေးချေမှုများကို ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သည့် ရောင်းချသူ၏ သဘောဆန္ဒအရ ဘဏ်စာရင်းအသစ် (သို့မဟုတ်) ဘဏ်စာရင်းအဟောင်းသို့ ထည့်သွင်းပေးရန်နှင့် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်သွားရန် ထပ်မံအကြောင်းကြားထားသည်။
(က) ဘဏ်စာရင်းအသစ်သို့ ဝင်ရောက်ခြင်းဖြစ်ပါက ရောင်းသူစာရင်းသို့ ငွေသားထည့်သွင်း ဆောင်ရွက်ခြင်းများအတွက် New A/C များအပေါ် လက်ရှိဆောင်ရွက်ပေးလျက်ရှိသည့်အတိုင်း ငွေသားပေးသွင်းထားသည့်ပမာဏအပေါ် ငွေသားထုတ်ယူခွင့် အပြည့်အဝ ခွင့်ပြုဆောင်ရွက်ပေးရန်နှင့် ရောင်း သူနှင့်ဝယ်သူ နေရာကွဲပြားသော်လည်း ရောင်းသူ၏စာရင်းသို့ ငွေသားထည့်သွင်းလာခြင်း ဖြစ်ပါက ငွေသားပြန်လည်ထုတ်ပေးနိုင်ရေးအတွက် ဘဏ်များမှ စီမံဆောင်ရွက်ထားရန်၊ Digital Sale အဖြစ် ဝင်ရောက်ပါက ရည်ညွှန်း (၂ ) ပါစာဖြင့် အများဆုံး ထုတ်ယူနိုင်သည့် ပမာဏအတိုင်း ဆောင်ရွက်ရန်ဖြစ် သည်။
(ခ)ဘဏ်စာရင်းအဟောင်းသို့ ငွေသားဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ငွေသားပေးသွင်းသည့် ပမာဏအတိုင်း ငွေသားပြန်လည်ပေးသွင်းရန်နှင့် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဝင်ရောက်ခြင်းဖြစ်ပါက ရည်ညွှန်း(၂)ပါစာဖြင့် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပေးရန်ဖြစ်သည်။
(ဂ)မိမိဘဏ်အတွင်း ဘဏ်ခွဲအချင်းချင်း ငွေသားဖြင့်လွှဲပြောင်းခြင်း၊ မိမိဘဏ်မှ အခြားဘဏ်တစ်ခုခုသို့ CBM -Net အသုံးပြု၍ ငွေလွှဲပြောင်းခြင်းနှင့် ချက်လက်မှတ်စာရင်း ရှင်းလင်းခြင်းများကို ကန့်သတ်ချက်မထားဘဲ လွတ်လပ်စွာဆောင်ရွက်ပေးရန်နှင့် ဘဏ်စရိတ်များလျှော့ချရန်ဖြစ်သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်စနစ်ကိုအခြေခံ၍ ငွေသားစီမံခန့်ခွဲမှု ကောင်းမွန်စေရန်၊ နိုင်ငံတော်အစိုးရ၏ ဒစ်ဂျစ်တယ် စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ ပံ့ပိုးနိုင်ရန်၊ ငွေပေးချေမှုစနစ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်လျက်ရှိရာ ဘဏ်များ အားလုံး ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့်အတိုင်း တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သို့မဟုတ်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုင်ကြားချက်များအပေါ် မူတည်၍ ဘဏ်များအား ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ (၂၀၁၆)၊ ပုဒ်မ-၁၅၄ ပါစီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်တစ်ရပ်ရပ်ဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ကို သုံးစွဲမည့် အများပြည်သူတို့ စနစ်အပေါ် ယုံကြည်စွာ လိုက်ပါဆောင်ရွက်စေရေးအတွက် မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုပေးသူများနှင့် ချိတ်ဆက်၍ ဘဏ်များသို့ ငွေသွင်းခြင်းကို အဆင်ပြေစွာဆောင်ရွက်နိုင်ရန်နှင့် မိမိဘဏ်ခွဲများအကြား ငွေလွှဲခြင်း၊ ဘဏ်အချင်းချင်းကြား ငွေလွှဲခြင်းတို့ကို နှောင့်နှေးကြန့် ကြာမှု၊ ကန့်သတ်ချက်များမရှိဘဲ အဆင်ပြေစွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ အဆင်မပြေမှုများရှိပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ complaint@ cbm.gov.mm နှင့် ဖုန်း ၀၆၇-၄၁၈၂၅၁၊ ၀၆၇-၄၁၈၃၁၆ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်ပြီး လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။










