ငါး၊ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနက် ကုမ္ပဏီ/လုပ်ငန်း ၁၁၄ ခုသို့ COVID-19 ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက သတင်းထုတ်ပြန်ထားသည်။
တတိယအကြိမ် COVID-19 ရန်ပုံငွေမှ ပထမအသုတ်ချေးငွေ ခွင့်ပြုပေးရန် စိစစ်အတည်ပြုသည့် ကုမ္ပဏီလုပ်ငန်းများစာရင်းတွင် လုပ်ငန်းအများစုမှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ရှမ်းပြည်နယ်စသည်တို့မှ လုပ်ငန်းများပါဝင်ကြောင်း သိရသည်။
COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ COVID-19 ရန်ပုံငွေမှ ချေးငွေထုတ်ချေးရန် စက်တင်ဘာ ၁၃ ရက်မှ ၃၀ ရက်အတွင်း ချေးငွေများ လျှောက်ထားရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အတိုးနှုန်း တစ်ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုမည်ဖြစ်သည်။
ချေးငွေလျှောက်ထားနိုင်သည့် လုပ်ငန်းများအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်း ဖြစ်ရမည်၊ လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်းဖြစ်ရမည် သို့မဟုတ် လုပ်ငန်းယာယီ ရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်နိုင်မည့် လုပ်ငန်းဖြစ်ရမည်။ ၂၀၁၉ ခုနှစ် မတ် ၃၁ ရက်မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/လုပ်ငန်းလိုင်စင်ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။ ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသောအခြေအနေရှိသော လုပ်ငန်းဖြစ်ရမည်။ ချေးငွေအား လက်ရှိလုပ်ငန်းလည်ပတ်ရန် ကိစ္စအတွက်သာ အသုံးပြုမည့်ကုမ္ပဏီ/လုပ်ငန်းဖြစ်ရမည်ဖြစ်သည်။
ထို့ပြင် ဝင်ငွေခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန် ပေးဆောင်ထားသည့်ကုမ္ပဏီ ဖြစ်ရမည်။ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူထားသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်၊ ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိသည့် လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်းခံထားရသည့် လုပ်ငန်းမဖြစ်စေရ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးသည့် ချေးငွေကို ယခင်က ရယူထားပြီး ဖြစ်သည့်လုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေရယူထားသည့် လုပ်ငန်းမဖြစ်စေရ။
ချေးငွေလျှောက်ထားသည့် မွေးမြူရေးလုပ်ငန်း သို့မဟုတ် ငါး၊ပုစွန်မွေးမြူရေး လုပ်ငန်းသည် မိသားစုတစ်ပိုင်တစ်နိုင်/ဝမ်းစာအတွက် မဟုတ်ဘဲ စီးပွားဖြစ်ဆောင်ရွက်နေသော လုပ်ငန်းဖြစ်ရမည်၊ ပြည်တွင်းတွင် ရောင်းချသူဖြစ်ပါက ပြည်တွင်းရောင်းချနေသော အထောက်အထား/ပြည်ပသို့ တင်ပို့ရောင်းချသူဖြစ်ပါက ပြည်ပသို့ရောင်းချနေသော အထောက်အထားပြနိုင်ရမည်၊ စသည့်တို့ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်သည်။ထို့ပြင် ချေးငွေရယူထားသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှုပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်း၊ အသေးစားငွေကြေးရေးလုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်းမရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ပထမအသုတ်ချေးငွေ ခွင့်ပြုပေးရန် စိစစ်အတည်ပြုသည့်ကုမ္ပဏီလုပ်ငန်း စာရင်းထုတ်ပြန်ထားပြီး ကျန်ရှိနေသော ချေးငွေလျှောက်လွှာများကို ဆက် လက်စိစစ်ခွင့်ပြုပေးမည် ဖြစ်ကြောင်း သိရသည်။










