NDF ပါတီ ကယားပြည်နယ် ဥက္ကဋ္ဌဦးဟန်သာ အား ယနေ့( သြဂုတ် ၁၃ ရက်) ညနေ ၃ နာရီခန့်တွင် အမည်မသိ လူ လေးဦးက မင်္ဂလာရပ်ကွက်ရှိ အိမ်ခြံဝန်းအတွင်းသို့ ဝင်ရောက်ပြီး ဓားဖြင့် အချက်များစွာ ထိုးသဖြင့် သေဆုံးသွားကြောင်း သိရသည်။
ဦးဟန်သာသည် အသက် ၇၀ ကျော်အရွယ်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းပြုပြင်ရေး လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်းလည်းသိရသည်။
" အဘက ဒလန်လည်း မဟုတ်ပါဘူး။ သူ့ဘာသာ ဆိုင်လေး ဖွင့်စားနေတာပါ။ သတ်တဲ့ လူလေးယောက်က TV ပြင်ချင်တယ်ဆိုပြီး လာသတ်သွားတာပဲ။ အသတ်ခံရတာ ကြားကြားချင်း မသွားရဲဘူး ၊ လေးနာရီလောက်ကျတော့ ရဲတွေ စစ်သားတွေလည်း လာကြတော့ မသွားရဲကြဘူး ၊ အနီးအနား မြင်တဲ့လူကလည်း ဘယ်ပြောရဲမလဲနော်၊ ခုချိန်က။ အဘတွက် စိတ်မကောင်းဘူးလေ။အရင် NLD တုန်းကလည်း တစ်အား အလုပ်လုပ်သလို NDF ကျတော့လည်း အလုပ်လုပ်လို့ မနည်းတားရတယ် ၊ သတင်းကြားရတာ တကယ်မယုံနိုင်ဘူးဖြစ်နေတာ ၊ ခုချိန်က ကိုယ်မကျေနပ်လို့သတ်လည်း ဒလန်ဆိုပြီး နာမည်တပ်ကြတော့ တအားကြောက်တယ် "ဟု မင်္ဂလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ထို့ပြင် ဦးဟန်သာသည် ၂၀၂၀ ရွေးကောက်ပွဲတွင် NDF ပါတီ ကိုယ်စားပြု လွိုင်ကော်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ကြောင်းသိရသည်။
" ဒီအဘက အရင်က NLD ပါတီရဲ့ EC တစ်ယောက်ပါ။ မြို့နယ်လား၊ ရပ်ကျေးလားတော့ မသိဘူးဗျ။ NLD မှာ တစ်အားအလုပ်လုပ်ခဲ့တာ။ လူကြီးပေမယ့် အလုပ်လုပ်နိုင်တယ်။ နောက်တော့ အဘကို ဘေးဖယ်ထုတ်လိုက်တယ် ကြားတာပဲ ။ဘယ်လိုကြောင့်လည်း တိကျမသိဘူးပေါ့နော် ။ ၂၀၂၀ ရွေးကောက်ပွဲကျ အဘက NDF ပါတီအနေနဲ့ဝင်ပြိုင်ခဲ့တယ်"ဟု သေဆုံးသူနှင့်ရင်းနှီးသော လူငယ်တစ်ဦးကပြောကြားသည်။
ပြီးခဲ့သည့် ဇူလှိုင် ၄ ရက်ကလည်း ကြည်သာယာရပ်ကွက်တွင်း နေအိမ်ရှေ့ထိုင်နေသူ အမျိုးသားတစ်ဦးအား ဆိုင်ကယ်စီးလာသူများက ဒလန်ဟုအမည်တပ်ပြီး သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးခဲ့သည်။