“ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အရေးကြီးတယ်” Mrs Universe ဟန်နီချို

“ကျန်းမာလှပတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အရေးကြီးတယ်” Mrs Universe ဟန်နီချို
Published 25 April 2021

လူတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုမှာ ကျန်းမာပျော်ရွှင်ဖို့က အဓိကအချက်တွေထဲမှာ ပါဝင်နေပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ မိသားစုဖြစ်ဖို့အတွက် အိမ်ထောင်ရှင်မိခင်မှာ တာဝန်ရှိပါတယ်။ မိခင်တစ်ယောက်လည်းဖြစ်တဲ့အပြင် ကိုယ်တိုင်လည်း ကျန်းမာလှပအောင်မြင်တဲ့ အိမ်ထောင်ရှင်မတစ်ဦးဖြစ်တဲ့ အိမ်ထောင်ရှင် Mrs Universe ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံ ကိုယ်စားပြုသွားရောက် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံတကာအိမ်ထောင်ရှင် အလှမယ်တွေကို ကျော်ဖြတ်လို ့ Mrs Universe ဆုတံဆိပ်နဲ့ သရဖူကိုရအောင်ယူနိုင်ခဲ့တဲ့  အိမ်ထောင်ရှင်အလှမယ်ဟန်နီချိုရဲ့ မိသားစုအကြောင်း ကျန်းမာရေး စောင့်ရှောက်မှုအကြောင်းတွေကို  အခုလိုမေးခဲ့ပါတယ်။

မေး - အိမ်ထောင်ရှင် Mrs Universe ဆုကို ရခဲ့ခံစားချက်ကို ပြန်ပြောပေးပါဦး။   

ဖြေ - ဂုဏ်ယူပီတိဖြစ်တယ်ပေါ့။ကိုယ်တိုင်ထက်ကို နိုင်ငံအတွက် မိသားစုအတွက် ပိုပြီးဂုဏ်ယူပါတယ်။ ကမ္ဘာနိုင်ငံတွေအလယ်မှာ မြန်မာဆိုတာကို ပြနိုင်ခဲ့တယ်။ မိသားစုအတွက်ကတော့ ဇနီးတစ်ယောက် မိခင်တစ်ယောက်ဖြစ်တဲ့အတွက်  ခင်ပွန်းအတွက် ဂုဏ်ယူရတဲ့ဇနီးတစ်ယောက်။ သားသမီးတွေအတွက် ဂုဏ်ယူရတဲ့  မိခင်တစ်ယောက်ဖြစ်တဲ့အတွက်ပါ။

မေး - ကိုယ်တိုင်ရဲ့ အလှအပနဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုရော ပြောပေးပါဦး။

ဖြေ - အလှအပကတော့အရမ်းကို ၀ါသနာပါတယ်။ သပ်ရပ်လှပမှုကို သဘောကျတာပေါ့နော်။ကျန်းမာရေး စောင့်ရှောက်မှုကတော့ အဆီအဆိမ့်မစားဘူး။ အငန်မစားဘူး။ အသီးအနှံများများစားတယ်။ရေများများ သောက်တယ်။ သန့်ရှင်းလက်ဆတ်တဲ့  အစားအသောက်တွေကို များများစားပါတယ်။ အမျိုးသားနဲ့ သားသမီးတွေကလည်း ကျန်းမာရေးလိုက်စားတဲ့ သူတွေဖြစ်တဲ့အတွက် သူတို့အတွက်လည်း အထူးတလည် စောင့်ရှောက်ရတာမျိုးမရှိပါဘူး။လေ့ကျင့်ခန်းပုံမှန်ကစားပါတယ်။ ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်အချိုးအစားကို လိုချင်တာကျန်းမာရေးအတွက်ရော GYM ကစားဖြစ်ပါတယ်။

မေး - မိန်းမတစ်ယောက်၊ အိမ်ထောင်ရှင်မ တစ်ယောက်အတွက် အလှအပတင့်တယ်မှုက ဘယ်လောက်အထိ အရေးကြီးလဲ။

ဖြေ - သပ်ရပ်လှပမှုကတော့ လူတိုင်းကြိုက်ကြတဲ့အရာပါ။ ဟန်နီကိုယ်တိုင်ကလည်း အလှအပကိုကြိုက်တယ်။ လိုက်ဖက်ညီတဲ့အလှအပနဲ့ တင့်တယ်တဲ့ပြင်ဆင်မှုတော့ ရှိရမှာပေါ့လေ။ သပ်ရပ်လှပနေတာ့ ခင်ပွန်းအတွက်လည်း ဂုဏ်ယူစရာရှိသလို၊ သားသမီးတွေအတွက် သူတို့မေမေဆိုတာမျိုး ဂုဏ်ယူစရာ ဖြစ်တာပေါ့။ အဲဒီလိုတွေရှိလာရင် မိသားစုပျော်ရွှင်ဖို့အတွက် တစ်ဖက်တစ်လမ်းက အထောက်အကူတွေ ရှိလာမယ်လို့ ဟန်နီထင်ပါတယ်။

မေး - သမီးလေးကို Little Chef ဆိုပြီး လူသိများပရိသတ်သိကြတာနဲ့ပတ်သက်ပြီး ပြောပေးပါဦး။

ဖြေ - သမီးလေးက ဟင်းချက်ဝါသနာပါနေတာ မသိဘူး။ လူကြီးတွေ ဟင်းချက်ရင်အနားမှာ အမြဲလာကြည့်လာကူနေတာတော့ရှိတယ်။ ဒါနဲ့ပဲ သူဝါသနာပါလေမလားဆိုပြီး ဟင်းချက်တဲ့နေရာမှာ ဆီလေး ထည့်ပေးပါဦး။ နနွင်းမှုန့်လေး ထည့်ပေးပါဦးဆိုပြီး သူ့ကို လက်တွေ့ချက်ခိုင်းလိုက်တော့ သူကအဆင်ပြေပြီး သူချက်နေတဲ့ movie လေးတွေကို Facebook ပေါ်တင်လိုက်တာ လူကြိုက်များ အရမ်းကြည့်ကြတော့ သူက Little Chef ဆိုပြီး ဖြစ်လာခဲ့တာပါ။ သမီးက စကားနည်းတယ်။ သူကအရာတစ်ခုကို စိတ်ဝင်စားပြီဆိုရင် စိတ်ပါဝင်စားစွာ လုပ်တတ်တယ်။

မေး - ကိုယ်တိုင်အတွက် ကြိုးစားရတာရော၊ မိသားစုတာဝန်ကျေဖို့ ကြိုးစားရတာရောတွေကြောင့် စိတ်ပင်ပန်းမှုတွေကို ဘယ်လိုအပန်းဖြေလဲ။

ဖြေ - ကိုယ့်အတွက်ဆိုပြီး သီးသန့်အပန်းဖြေတာမျိုးမရှိပါဘူး။ မိသားစု အပျော်ခရီးတွေသွားကြတယ်ပေါ့။ အားလုံးက စိတ်ကျေနပ်လို့လုပ်ခဲ့တဲ့ အရာတွေဖြစ်တဲ့အတွက် စိတ်ပင်ပန်းမှုဆိုတာမျိုးမရှိပါဘူး။ GYM ကစားတာက ကျန်းမာရေးအတွက်ရော၊ စိတ်အပန်းဖြေမှုတစ်ခုအတွက်ရော အထောက်အကူ အရမ်းပြုပါတယ်။ GYM ကစားတယ်ပေါ့။ ဟန်နီက အိမ်ထောင်ရှင် မိခင်တာဝန်လည်း ကျေချင်တဲ့သူဖြစ်တဲ့အတွက် ဟန်နီအသိစိတ်ကကို တာဝန်ကျေချင်တာကြောင့် ထူးခြားပြီးပင်ပန်းတာမျိုး ရှိပါဘူး။

မေး - အိမ်ထောင်ရှင်မိခင်တွေအတွက် နှုတ်ဆက်စကားပြောပေးပါဦး။

ဖြေ - ခေတ်ကာလအရ အိမ်ထောင်ရှင်အမျိုးသမီးတွေလည်း  အမျိုးသားတွေနဲ့ ရင်ပေါင်တန်းပြီး မိသားစုအတွက် တစ်ဖက်တစ်လမ်းကနေ ဝင်ငွေရကြတယ်။ အောင်မြင်အောင် ကြိုးစားနေကြတဲ့အချိန် ဖြစ်နေပါပြီ။ ဒါကြောင့် အမျိုးသမီးတွေလည်း ကိုယ်တိုင်အောင်မြင်ဖို့ ကျန်းမာလှပ ပျော်ရွှင်ဖို ့လိုအပ်လာပါပြီ။ ကိုယ်တိုင်ရဲ ့ လှပကျန်းမာအောင်မြင်မှုက မိသားစုအတွက်လည်း အထောက်အကူပြုတာကြောင့်  ကျန်းမာအောင်နေကြပါ၊ အလှအပကိုထိန်းသိမ်းကြပါ။ စိတ်ပျော်ရွှင်ကျန်းမာအောင် အားကစားတစ်ခုကို ပုံမှန်လုပ်ပါလို ့ပြောချင်ပါတယ်။

Most Read

Most Recent