ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် COVID-19 ကာကွယ်ဆေးနိုင်ငံကူးလက်မှတ်ကို လေ့လာမှုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

ခရီးသွားကဏ္ဍမြှင့်တင်ရေးအတွက် COVID-19 ကာကွယ်ဆေးနိုင်ငံကူးလက်မှတ်ကို လေ့လာမှုပြုလုပ်ရန် ထိုင်းဝန်ကြီးချုပ် ညွှန်ကြား
ဘန်ကောက်မြို့တော်မြောက်ပိုင်းရှိ ဆူခိုထိုင်း သမိုင်းဝင် ဥယျာဉ်တွင် ပျော်ပွဲစားထွက်နေကြသူများကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(Photo:AP)
ဘန်ကောက်မြို့တော်မြောက်ပိုင်းရှိ ဆူခိုထိုင်း သမိုင်းဝင် ဥယျာဉ်တွင် ပျော်ပွဲစားထွက်နေကြသူများကို ဖေဖော်ဝါရီ ၂၆ ရက်က တွေ့ရစဉ်(Photo:AP)
Published 3 March 2021
Ref:Reuters

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ယိုယွင်းခဲ့သည့် ခရီးသွားကဏ္ဍကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေသော ထိုင်းနိုင်ငံတွင် COVID-19 ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ လေ့လာမှုများပြုလုပ်ရန် ညွှန်ကြားထားသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက မတ်လ ၂ ရက်တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် “ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်” ဟု လူသိများသည့် ကာကွယ်ဆေးထိုးနှံပြီးစီးကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည့်အစီအစဉ်ကို ယခင်ကတည်းက စဉ်းစားခဲ့သော်လည်း ထုတ်ပေးမည့်ရက်အတိအကျကို မသတ်မှတ်ရသေးဘဲ ခရီးသွားဝန်ဆောင်မှုပေးသူများကမူ ဝင်ငွေ အခွန်များ ဆုံးရှုံးမှုနှင့်ပတ်သက်ပြီး စောဒက တက်ခဲ့ကြသည်။

ဝန်ကြီးချုပ် ပရာယွတ်ကမူ ယင်းအစီအစဉ်ကို သတိထားလုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားရာတွင် မည်မျှထိရောက်မှု ရှိသည်ဆိုသည့်အချက်ကို အရင်ဆုံး လေ့လာစောင့်ကြည့်သွားမည်ဟု ပြောကြားခဲ့သည်။

“ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး လေ့လာမှုလုပ်ဖို့ ကျွန်တော် ညွှန်ကြားထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အခြားနိုင်ငံတွေမှာ ပြုလုပ်နေတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ကျွန်တော်တို့လည်း အဲဒီအတိုင်းလုပ်ဖို့ အရေးကြီးပါတယ်” ဟု ပရာယွတ်က မတ်လ ၂ ရက်တွင် ၎င်း၏ Facebook ၌ ရေးသားဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် ကာကွယ်ဆေးထိုးနှံခံပြီးသူများ နိုင်ငံတကာသို့ ခရီးသွားလာနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံခံပြီးကြောင်း အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးသွားမည်ဟု ၎င်းက ဆိုသည်။

ယင်းလက်မှတ်များကို ထုတ်ပေးနိုင်ရန်နှင့် ထိုင်းနိုင်ငံအတွင်းသို့ ကာကွယ်ဆေး နိုင်ငံကူးလက်မှတ်များဖြင့် ဝင်ရောက်လာမည့် ပြည်ပခရီးသွားများကို ကွာရန်တင်းထားရှိမည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အာဏာပိုင်များသည် လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံသွားမည်ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသည့် ပြည်ပခရီးသွားများအား နိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့်အချိန်တွင် မဖြစ်မနေ ကွာရင်တင်းဝင်ရမည့် အချိန်ကို သီတင်းနှစ်ပတ်မှ သုံးရက်သို့လျှော့ချမှု သို့မဟုတ် ကွာရန်တင်းဝင်ရန် လိုအပ်တော့မည်မဟုတ်ဟု အရာရှိများက အစောပိုင်းတွင် ပြောကြားခဲ့သည်။

အရှေ့တောင်အာရှ၏ ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး ထိုင်းနိုင်ငံ၏ ခရီးသွားကဏ္ဍသည် နိုင်ငံစီးပွားရေးအတွက် ၁၁ ရာခိုင်နှုန်းခန့် အထောက်အကူပြုပေးနေပြီး ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးများ ထိုးနှံနေမှုကြောင့် ကပ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို ဆိုးရွားစွာခံခဲ့ရသည့် ကမ္ဘာ့ခရီးသွားကဏ္ဍအပေါ် မျှော်လင့်ချက်များ ရှိလာစေခဲ့သည်။

ထိုင်းနိုင်ငံတွင် ၂၀၁၉ ခုနှစ်က ခရီးသွားကဏ္ဍမှ ရရှိခဲ့သည့်အမြတ်ငွေသည် ဘတ် ၁.၉၁ ထရီလျံ ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကပ်ရောဂါကြောင့် ခရီးသွားအရေအတွက်မှာ ၈၃ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သဖြင့် ခရီးသွားကဏ္ဍမှ ရရှိသည့်အမြတ်ငွေ ဘတ် ၃၃၂ ဘီလျံအထိ လျော့ကျသွားခဲ့သည်။

တရုတ်၏ CoronaVac ကာကွယ်ဆေးနှင့် ဗြိတိန်၏ Oxford/AstraZeneca ကာကွယ်ဆေးများကို နိုင်ငံအတွင်း ထုတ်လုပ်နေသည့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၈၄ ဦး ရှိခဲ့သည်။

Most Read

Most Recent