ဗီယက်နမ်အစိုးရ အတိုက်အခံများကို ဟက်ကာများက ဆိုက်ဘာ တိုက်ခိုက်

ဗီယက်နမ်အစိုးရ အတိုက်အခံများကို ဟက်ကာများက ဆိုက်ဘာ တိုက်ခိုက်
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ဖုန်းအသုံးပြုနေသည့် အမျိုးသမီးတစ်ဦးအား ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (Photo: AP)
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင် ဖုန်းအသုံးပြုနေသည့် အမျိုးသမီးတစ်ဦးအား ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ် (Photo: AP)
Published 25 February 2021
Ref: AFP

ဗီယက်နမ်နိုင်ငံအတွင်း လွတ်လပ်စွာပြောဆိုခွင့်ကို ထိုးနှက်ချက်တစ်ရပ်အနေဖြင့် ဗီယက်နမ် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများကို Ocean Lotus အမည်ရှိ ဟက်ကာအဖွဲ့က သူလျှိုဆော့ဖ်ဝဲများဖြင့် ဆိုက်ဘာ တိုက်ခိုက်ခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဟက်ကာများသည် ဖိလစ်ပိုင်နှင့် ဂျာမနီနိုင်ငံများတွင် နေထိုင်သည့် ဗီယက်နမ်အစိုးရ အတိုက်အခံ နှစ်ဦးထံ ပုဂ္ဂိုလ်ရေး အချက်အလက်များခိုးယူရန် အီးမေးများပို့ပြီး ဆိုက်ဘာတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည့် အထောက်အထားကို AI ၏ နည်းပညာလုံခြုံရေးအဖွဲ့က တွေ့ရှိခဲ့သည်ဟု AI က ပြောကြားခဲ့သည်။

ဆိုက်ဘာလုံခြုံရေးကုမ္ပဏီများ၏ အစောပိုင်း ထုတ်ပြန်မှုများတွင် Ocean Lotus အမည်ရှိ ဟက်ကာအဖွဲ့သည် အရှေ့တောင်အာရှအနှံ့ရှိ ကုမ္ပဏီများ၊ အစိုးရများနှင့် အစိုးရအတိုက်အခံများကို ပစ်မှတ်ထားပြီး ဆိုက်ဘာ တိုက်ခိုက်နေကြောင်း ဖော်ပြခဲ့သည်။

ယင်းဟက်ကာများသည် အစိုးရနှင့် သဘောထား ကွဲလွဲသူများကို နှိမ်နှင်းနေသည့် ဗီယက်နမ်အစိုးရနှင့် အဆက်အသွယ်ရှိကြောင်း သံသယရှိရသည်ဟု ဆိုသည်။

AI ကလည်း ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးရန် ဗီယက်နမ်အစိုးရအား တိုက်တွန်းခဲ့သည်။

AI ၏ သတင်းထုတ်ပြန်ချက်တွင် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူလည်း ဖြစ်၊ ဘလော့ဂါ တစ်ဦးလည်း ဖြစ်သည့် ဘွီဟန်လျူသည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီနှင့် ၂၀၁၉ ဒီဇင်ဘာကြားတွင် သူလျှိုဆော့ဖ်ဝဲ ဖြင့် လေးကြိမ် ပစ်မှတ်ထား တိုက်ခိုက်ခံခဲ့ရသည်ဟု ဖော်ပြခဲ့သည်။

၎င်းသည် ၂၀၁၃ ခုနှစ်ကတည်းက ဗီယက်နမ်မှ ထွက်ခွာပြီး ဂျာမနီတွင် နေထိုင်ခဲ့သည်ဟု သိရသည်။ ဗီယက်နမ်နိုင်ငံတွင်လည်း ဆိုက်ဘာ တိုက်ခိုက်ခံရသည့် အခြားဘလော့ဂါတစ်ဦးရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်အတွင်း  သုံးကြိမ် ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။ ၎င်း၏အမည်ကိုမူ လုံခြုံရေး အခြေအနေကြောင့် AI က ဖော်ပြခြင်း မရှိခဲ့ပေ။

ဗီယက်နမ်အစိုးရနှင့် သဘောထားကွဲလွဲသည့် ဖိလစ်ပိုင်အခြေစိုက် NGO အဖွဲ့သည်လည်း ၂၀၂၀ ပြည့်နှစ် ဧပြီလက ဟက်ကာများ၏ ပစ်မှတ်ထားမှုကို ခံခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

VOICE အမည်ရှိ ယင်းအဖွဲ့မှ ဝန်ထမ်းဟောင်းများသည် ခရီးသွားလာခွင့် တားမြစ်ခံခဲ့ရပြီး ဗီယက်နမ်သို့ ပြန်လည် သွားရောက်ခဲ့ချိန်တွင် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သိမ်းဆည်းခံခဲ့ရသည်ဟု ဆိုသည်။

ထို့ပြင် ယင်းအဖွဲ့၏ အရေးကြီး အချက်အလက်များကို ပစ်မှတ်ထားသည့် ဆိုက်ဘာ တိုက်ခိုက်မှုများလည်း ရှိခဲ့သည်ဟု AI ၏ သတင်းတွင် ဖော်ပြခဲ့သည်။

ဗီယက်နမ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကွန်မြူနစ် တစ်ပါတီစနစ်သာ ကျင့်သုံးသည့် နိုင်ငံအနည်းစုတွင် ပါဝင်နေပြီး အစိုးရနှင့် သဘောထားကွဲလွဲသူများကို ဖိနှိပ်နေသည်။

လူ့အခွင့်အရေးအဖွဲ့များမူ ဗီယက်နမ်တွင် တက်ကြွလှုပ်ရှားသူများ၊ ဝေဖန်ရေးသမားများကို ဖိနှိပ်မှု၊ ဘလော့ဂါများကို ကြီးလေးသည့် ပြစ်ဒဏ်များ ချမှတ်မှုများကို ရပ်တန့်ရန် တိုက်တွန်းခဲ့ကြသည်။

Volexity အမည်ရှိ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ Ocean Lotus အဖွဲ့သည် ၂၀၁၅ ခုနှစ်က ဗီယက်နမ်အခြေစိုက် ဟက်ကာအဖွဲ့ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ ယင်းအဖွဲ့သည် ၂၀၁၃ ခုနှစ်ကတည်းက  အာရှနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၊ မီဒီယာများ၊ လူ့အခွင့်အရေးအဖွဲ့များနှင့် ဆက်နွှယ်မှုရှိသည့် အဖွဲ့များကို ဆိုက်ဘာ တိုက်ခိုက်ခဲ့သည်ဟု သံသယရှိကြောင်း ဆိုက်ဘာလုံခြုံရေးပညာရှင် များက ပြောကြားခဲ့သည်။     

Most Read

Most Recent