ချယ်လ်ဆီးနည်းပြ တူဟယ်လ်က စပါးအသင်းကို အနိုင်ရခြင်းမှာ မိမိ၏နည်းစနစ်ကြောင့် မဟုတ်ဘဲ အသင်းကစားသမားများ၏ စိတ်ဓာတ်ပြင်းပြမှုကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို အဝေးကွင်း၌ ကွင်းလယ်လူ ဂျော်ဂျင်ဟို၏ ပယ်နယ်တီဂိုးကြောင့် (၁-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။
ချယ်လ်ဆီးအသင်းသည် နည်းပြ တူဟယ်လ်လက်ထက် ကစားခဲ့သည့် ပရီးမီးယားလိဂ် (၃)ပွဲတွင် (၂)ပွဲနိုင်၊ (၁) ပွဲသရေ ရရှိထားပြီး ယင်း(၃)ပွဲစလုံး Clean Sheet ရရှိထားသည်။
ထို့ကြောင့် စပါးအသင်းနှင့်ပွဲအပြီးတွင် တူဟယ်လ်၏နည်းစနစ်ပိုင်းကို ချီးကျူးမှုများရှိနေရာ ၎င်းက အသင်းကစားသမားများကို ချီးကျူးစကားဆိုခဲ့ခြင်းဖြစ်သည်။
တူဟယ်လ်က "ကျွန်တော့်ရဲ့ နည်းစနစ်တွေကြောင့် မဟုတ်ပါဘူး။ အသင်းကစားသမားတွေရဲ့ စိတ်ဓာတ်ပြင်းပြမှုနဲ့ ဖြစ်နိုင်ခြေတွေကြောင့် ကျွန်တော် ပျော်ပါတယ်။ ချယ်လ်ဆီးကစားသမားတွေက ပွင့်လင်းပြီး အလွန်ကောင်းတဲ့သူတွေပါ။ သူတို့နဲ့ လက်တွဲခွင့်ရတာ ကျေနပ်စရာပါ။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့ထောက်ခံမှုကို ရရှိထားပါတယ်။ စပါးနဲ့ပွဲမှာ ကျွန်တော်တို့အသင်းရဲ့ ခံစစ်က အတော်လေးကောင်းခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၂)အပြီးတွင် ရမှတ် (၃၆)မှတ်ဖြင့် အဆင့် (၆)နေရာ၌ ရပ်တည်နေပြီး အဆင့် (၄)နေရာမှ လီဗာပူးလ်အသင်း(၄၀ မှတ်)နှင့် (၄)မှတ်သာ ကွာဟနေသည်။