COVID-19 ကြောင့် ရပ်တန့်နေရသည့် မြန်မာ့ပညာရေး

COVID-19 ကြောင့် ရပ်တန့်နေရသည့် မြန်မာ့ပညာရေး
Published 3 January 2021
လွင်မျိုးသူ

ကမ္ဘာ့ကပ်ရောဂါကိုဗစ်ကြောင့် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များ ၂၀၂၀ ပြည့်နှစ်တွင် ရပ်နားခဲ့ရခြင်းသည့် ယခုနှစ်အတွက် ပညာရေးကဏ္ဍ၏ ထင်ရှားသည့် ဖြစ်စဉ်အဖြစ် ရေးသားဖော်ပြအပ်ပါသည်။

COVID-19 သည် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ၂၀၂၀ နှစ်စပိုင်းကတည်းက ပျံ့နှံ့နေရာ မြန်မာနိုင်ငံသို့  မတ်လနှောင်းပိုင်းက စတင်ပျံ့နှံ့ခဲ့သည်။

နှစ်စဉ်ဇွန်လတွင် ပြန်လည်အသက်ဝင်လေ့ရှိသည့် စာသင်ကျောင်းများသည် ၂၀၂၀-၂၀၂ ပညာသင်နှစ်တွင်မူ ဖွင့်လှစ်နိုင်ခြင်း မရှိသေးချေ။

မတ်လကတည်းက စတင်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်စ်သည် ဇွန်နှင့် ဇူလိုင်တွင် ကူးစက်မှုနှုန်း လျော့ကျခဲ့သည်။

ထိုသို့ ပြည်တွင်းကူးစက်မှုနှုန်း လျော့ကျလာခြင်းကြောင့် တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများကို ဇူလိုင် ၂၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများ ပြန်ဖွင့်သည်ဆိုသော်လည်း အထက်တန်းများသာ ကနဦးဖွင့်လှစ်ခွင့်ပြုခြင်းဖြစ်သည်။

ယင်းနောက်ပိုင်းမှ အလယ်တန်း၊  မူလတန်းများကို ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက စီစဉ်ခဲ့သည်။

အထက်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် စာသင်ကျောင်းများကို ကိုဗစ်တားဆီး ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အချက် ၈၀ ပါ Check List ဖြင့် စစ်ဆေးခဲ့သည်။

Check List အအချက် ၈၀ ဖြင့် စစ်ဆေးပြီး ကျောင်းများကို A, B နှင့် C သတ်မှတ်ကာ A အဆင် ့ရရှိသည့်ကျောင်းများသာ ဖွင့်လှစ်ခွင့်ပြုခဲ့သည်။

တစ်နိုင်ငံလုံး၌ အထက်တန်းကျောင်း ၇၁၇၃ ကျောင်းရှိရာ ကျန်းမာရေးဆန်းစစ်မှုပြုလုပ်ပြီး ဖွင့်ခွင့်ပြုထားသည့်ကျောင်း ၆၅၇၃ ကျောင်း ဖွင့်လှစ်ခွင့်ရရှိခဲ့သည်။ ကျောင်းအပ်နှံသူ တစ်သန်းကျော်ရှိခဲ့သည်။

စာသင်ကျောင်းများတွင် ခပ်ခွာခွာနေထိုင်သည့် Social Distancing နည်းအရ အနည်းဆုံး ခြောက်ပေခြားသည့် စည်းကမ်းချက်များ သတ်မှတ်ထားပြီး ဆပ်ပြာ၊ လက်ဆေးဂျယ်၊ သန့်စင်ခန်း၊ ကိုယ်အပူချိန်တိုင်းကိရိယာများ ဖြည့်ဆည်းထားရှိခဲ့သည်။

စာသင်ချိန်များကိုလည်း နဂိုက ရှစ်ချိန်ရှိရာမှ ငါးချိန်အထိ လျှော့ချပြီး သင်ကြားခဲ့ကြသည်။

အခြေခံပညာကျောင်းများ ပြန်ဖွင့်ရာတွင် အထက်တန်းနှစ်တန်းဖြစ်သည့် သင်ရိုးသစ် ဒသမတန်း (Grade-10) နှင့် သင်ရိုးဟောင်း ဒသမတန်း (Grade-11) အတန်းများသာ ကနဦးဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

စာသင်ကျောင်းအပ်နှံသည့် ကျောင်းသူကျောင်းသားများကို ပြဋ္ဌာန်းစာအုပ်တစ်စုံစီ ထောက်ပံ့ပြီး ယခုနှစ်တွင် ကိုဗစ်ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ကျောင်းသူကျောင်းသားများနှင့် ဆရာဆရာများကို အဝတ်နှာခေါင်းစည်း Mask နှစ်ခုစီနှင့် မျက်နှာကာ (Face Shield) တစ်ခုစီ ပညာရေးဝန်ကြီးဌာနက ပေးအပ်ခဲ့သည်။

သို့သော် တစ်နိုင်ငံလုံးရှိ အထက်တန်းကျောင်းများ ပြန်ဖွင့်ပြီး တစ်လအကြာမှာပင် ရခိုင်ပြည်နယ်မှစတင်ပြီး တစ်ကျော့ပြန် ကိုဗစ်ကူးစက်ပျံ့နှံ့မှုသည် ဒုတိယလှိုင်းအသွင်ဆောင်လာပြီး ကျောင်းသူကျောင်းသားများပါ ကူးစက်ခံလာရခြင်းကြောင့် သြဂုတ် ၂၁ ရက်တွင် စာသင်ကျောင်းများကို ပြန်ပိတ်ခဲ့ရသည်။

ယင်းနောက် သြဂုတ် ၂၇ ရက်မှ စတင်ပြီး တစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားရှိသည့် အခြေခံပညာ အထက်တန်းကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနှင့် ပုဂ္ဂလိကကျောင်း စုစုပေါင်းကျောင်းပေါင်း ၆၅၂၆ ကျောင်းကိုပိတ်ရန် ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားခဲ့ကြောင်း သိရသည်။

အလားတူ အဆင့်မြင့်ပညာကဏ္ဍတွင်လည်း မတ်လကတည်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်အသီးသီးတွင် ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆိုစဉ်ကာလအတွင်း မြန်မာနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်လူနာ တွေ့ရှိပြီးနောက် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်အသီးသီး ပိတ်ခဲ့ရသည်။

ထို့ပြင် အဝေးသင်ကျောင်းသူ ကျောင်းသားများအတွက် ကျောင်းအပ်နှံခြင်းနှင့် စာစဉ်ထုတ်ယူခြင်း လုပ်ငန်းများကိုလည်း ရပ်နားခဲ့ရသည်။

ကိုဗစ်ကပ်ရောဂါကြောင့် တက္ကသိုလ်များကို ဒုတိယနှစ်ဝက်ပညာသင်နှစ် ဖွင့်လှစ်ခွင့်မပြုသေးချေ။

ယင်းနောက် တက္ကသိုလ် ကျောင်းသူကျောင်းသားများ၏ သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရန်အတွက် ဒီဂျစ်တယ် သင်ကြားသင်ယူနည်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များကို Internet Capacity နှင့် Connectivity လုပ်ငန်းများကို စီမံဆောင်ရွက်ထားရန် ပါမောက္ခချုပ်များကော်မတီက ဇူလိုင်လအတွင်းက နှိုးဆော်ထားကြောင်း သိရသည်။

အလားတူ ဆရာဆရာမများနှင့် ကျောင်းသူကျောင်းသားများအကြား အလွယ်တကူချိတ်ဆက်နိုင်မည့် Email များ ပြုစုထားခြင်း၊ အတန်းလိုက်၊ ဘာသာရပ်များအလိုက် Facebook Grouping များ ဖွဲ့စည်းထားခြင်း၊ ကျောင်းစီမံခန့်ခွဲရေးအဖွဲ့၊ သင်တန်းရေးရာဌာနနှင့် သင်ကြားရေးဌာနများအတွင်း Network ဆောင်ရွက်ခြင်းလုပ်ငန်းများ စီစဉ်ထားရန်လည်း ညွှန်ကြားထားခဲ့သည်။

တက္ကသိုလ်များတွင် ဘာသာရပ်အလိုက် Online Teaching and Learning Crriculum Content များ ကြိုတင်စီစဉ်ထားစေပြီး Blended အစီအစဉ်များလည်း ကြိုတင်စီမံထားရန် ညွှန်ကြားခဲ့သည်။

Most Read

Most Recent