ဧရာဝတီမြစ် တာရိုးကျိုးပေါက်၍ ကျေးရွာရပ်ကွက်များ ရေကြီးနစ်မြုပ်ကာ အိမ်ထောင်စု ၅၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရခြင်း

ဧရာဝတီမြစ် တာရိုးကျိုးပေါက်၍ ကျေးရွာရပ်ကွက်များ ရေကြီးနစ်မြုပ်ကာ အိမ်ထောင်စု ၅၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရခြင်း
ဧရာဝတီမြစ်ကမ်း တာရိုးကျိုးပေါက်မှုကြောင့် ရေဝင်နစ်မြုပ်နေသည့် နေရာအချို့ကို အပေါ်စီးမှ တွေ့ရစဉ် (ဓာတ်ပုံ- မန္တလေးသတင်းအဖွဲ့)
ဧရာဝတီမြစ်ကမ်း တာရိုးကျိုးပေါက်မှုကြောင့် ရေဝင်နစ်မြုပ်နေသည့် နေရာအချို့ကို အပေါ်စီးမှ တွေ့ရစဉ် (ဓာတ်ပုံ- မန္တလေးသတင်းအဖွဲ့)
Published 3 January 2021
မင်းသန့်

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ရွှေဂဲရေဆိုးထုတ်စက်ရုံ စီမံကိန်းအနီးတွင် ဇူလိုင် ၁၉ ရက် ညပိုင်းက ဧရာဝတီ မြစ်တာရိုးကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး ယင်းဖြစ်ရပ်ကြောင့် အိမ်ထောင်စုပေါင်း ၅၀၀၀ ခန့် ရေဝင်နစ်မြုပ်ကာ လူဦးရေ တစ်သောင်းခွဲကျော် ရေဘေးဒုက္ခကြုံတွေ့ခဲ့ရာ ယင်းဖြစ်စဉ်အား ၂၀၂၀ ပြည့်နှစ် ထင်ရှားကျော်ကြားကဏ္ဍတွင် ထည့်သွင်းဖော်ပြအပ်ပါသည်။

မန္တလေး- စစ်ကိုင်း ကမ်းနား ကန်ပတ်လမ်း တာပေါင်ရိုးမှာ ဇူလိုင် ၁၉ ရက် ညဦးပိုင်းတွင် ရေစိမ့်ဝင်မှု စတင်ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက စက်ယန္တရားများ အသုံးပြုကာ ကာကွယ်ထိန်းသိမ်းခဲ့သော်လည်း ဇူလိုင် ၂၀ ရက် နံနက် ၂ နာရီကျော်တွင် တာရိုးမှာ ထက်ပိုင်းပြတ် ကျိုးပေါက်သွားခဲ့သည်။ အဆိုပါ တာရိုးကျိုးပေါက်မှုကြောင့် လူနေရပ်ကွက်နှင့် ကျေးရွာတွေအတွင်း ဧရာဝတီ မြစ်ရေတွေ ဒလဟော ဝင်ရောက်ကာ လူဦးရေ ၁၅၀၀၀ ခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရပြီး လူနေအိမ်ခြေပေါင်း ၅၀၀၀ ဝန်းကျင် ရေနစ်မြုပ်ခဲ့သည်။ ထို့အတူ စိုက်ပျိုးမြေဧက ရာချီနှင့် ရက်ကန်းစင်များအပါအဝင် ပျက်စီးဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့သည်။ တာရိုးကျိုးပေါက်မှုကြောင့် ရုတ်တရက် ရေဘေးဒုက္ခကြုံတွေ့ရသူများမှာ ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခုသို့ ပြောင်းရွွှေ့ခိုလုံခဲ့ရကြရသည်။

အမရပူရမြို့နယ် ငယ်တိုးကျေးရွာအုပ်စု၊ ရွှေခဲရပ်ဒေါ်အေး ကြင်ထမင်းဆိုင်အနီး ဧရာဝတီမြစ်ကမ်းနားလမ်းတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူတည်ဆောက်နေသော ရွှေဂဲရေဆိုးထုတ်စက်ရုံတွင် ဧရာဝတီမြစ်ဘက်ခြမ်းသို့ ပို့လွှတ်မည့် Diameter 1000 mm ရှိ Mild Steel Pipe ပိုက်လိုင်းလေးလုံးကို ကမ်းနားလမ်းအောက်မှ ဆက်သွယ်ချထားခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် ဧရာဝတီမြစ်ကမ်းရေထိန်း တံတားအောက်တွင် တာရိုးကျိုးပေါက်ခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရွှေဂဲရေဆိုးထုတ်စက်ရုံစီမံကိန်းကို တင်ဒါစနစ်ဖြင့် တာဝန်ယူတည်ဆောက်သော တရုတ်နိုင်ငံ အခြေစိုက် ကုမ္ပဏီမှ ၎င်းတို့တွင် တာဝန်ရှိကြောင်း ဝန်ခံခဲ့ပြီး တာဝန်ယူမှုကိစ္စရပ်တွေ လုပ်ဆောင်သွားပါမယ်လို့ အစိုးရအဖွဲ့ကို ပြောကြားထားသည်။

အဆိုပါ ဧရာဝတီမြစ် တာရိုးကျိုးပေါက်မှုဖြစ်စဉ်ကို သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ နှစ်ရက်အတွင်း ပိတ်ဆို့ ပြင်ဆင်နိုင်ခဲ့သော်လည်း ရပ်ကွက်ကျေးရွာများအတွင်း ဝင်ရောက်ခဲ့သည့်ဧရာဝတီမြစ်ရေများကိုမူ တစ်နာရီကို ရေဂါလန်သုံးသန်းကျော်နှုန်းနှင့် ရေစုပ်စက်ကြီးများဖြင့် နေ့ညစုပ်ထုတ်ယူခဲ့ရသည်။ အဆိုပါ ရွှေဂဲရေဆိုးထုတ်စက်ရုံစီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ချေးငွေဖြင့် တင်ဒါအောင်မြင်ခဲ့သည့် CEEC-HEPDI & CNOOD ကုမ္ပဏီ (တရုတ်ပိုင်) က လုပ်ငန်းတန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၆ သန်းရှိ စာချုပ်ကို ၂၀၁၈ ခုနှစ်အတွင်းက ချုပ်ဆိုခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့ခြင်းဖြစ်သည်။

ရေဆိုးထုတ်စက်ရုံစီမံကိန်းမှာ မိုးရာသီကာလအတွင်း ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် မန္တလေးမြို့၏ အဓိကမြောင်းများဖြစ်သော ရွှေတချောင်း၊ သင်္ဂဇာချောင်း၊ ကန်တော်ကြီးနှင့် နံကပ်အင်းဝန်းကျင်ရှိရေများကို လျော့နည်းသွားစေရန်အတွက် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းတင်ဒါ အောင်မြင်သော တရုတ်ကုမ္ပဏီ CEEC-HEPDI နှင့် CNOOD အနက် CEEC-HEPDI သည် တရုတ်အစိုးရပိုင် ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီဖြစ်ပြီး အရှေ့အာဖရိကရှိ ဇမ်ဘီယာနိုင်ငံ၌ ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့် ပြုလုပ်သော အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းတစ်ခု၌ ကန်ထရိုက်ရရှိရန် စာရွက်စာတမ်းဆိုင်ရာ မသမာမှုများနှင့် ဆက်စပ်နေသည့်အတွက် ယင်းကုမ္ပဏီကို ကမ္ဘာ့ဘဏ်၏ စီမံကိန်းများတွင် ပါဝင်ရန် အရည်အသွေး မပြည့်မီသည့် ကုမ္ပဏီအဖြစ် သတ်မှတ်ကာလ ၂၀ ကြာ ထုတ်ပယ်ကြောင်း ၂၀၁၉ ခုနှစ် စက်တင်ဘာက ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent