ကချင်ပြည်နယ်တွင် သတ္တုကုမ္ပဏီကြီးများ မျက်စိကျလာခဲ့ခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် Pan aust ကုမ္ပဏီက မြေဧရိယာ နှစ်သိန်းနီးပါးကို ရွှေနှင့် ကြေးနီသတ္တုများ စမ်းသပ်တိုင်တာရှာဖွေခွင့်ရရှိခဲ့မှုနှင့် ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ်၏ ထင်ရှားသော ကဏ္ဍအဖြစ် ဖော်ပြလိုက်ပါသည်။
ကချင်ပြည်နယ်တွင် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ကျောက်စိမ်းက ကမ္ဘာကျော်ခဲ့ပြီးနောက် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် သတ္တုကုမ္ပဏီကြီးများ မျက်စိကျလာခဲ့သည်မှာ မြန်မာနိုင်ငံ အရှေ့မြောက်ဘက် အကျဆုံး ခေါင်လန်ဖူးဒေသဖြစ်သည်။ မျက်စိကြလာသည့် အကြောင်းအရင်းမှာ သိပ္ပံစစ်လက်နက်များ၊ မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုရသည့် မြေရှားသတ္တု ထွက်ရှိခြင်းကြောင့်ပင် ဖြစ်သည်။ မြေရှားသတ္တုမှာ ရွှေထက်စျေးပိုကြီးပြီး ကမ္ဘာလုံး အတိုင်းအတာအရ သတ်မှတ်ထားသည့် မြေရှားသတ္တု ဒြပ်စင် ၁၇ မျိုးရှိကာ ကချင်ပြည်နယ်တွင် ငါးမျိုးခန့်ထွက်ရှိ၍ Lanthanum ၊ Dysprosium Oxide အစရှိသည့် ဒြပ်စင်များ ပါဝင်သည်။
Lanthanum မှာ ဓာတ်ခဲများတွင် အများဆုံးအသုံးပြုကာ Dysprosium Oxide မှာ လျှပ်စစ်မော်တာများတွင် ကွိုင်ပတ်စရာ မလိုဘဲ သံလိုက်နှင့် တွဲဖက်အသုံးပြုနိုင်ကြောင်း၊ စွမ်းဆောင်ရည်မြင့်မားသည့် သတ္တုဒြပ်စင်များ ဖြစ်သည်ဟု သတ္တုတွင်းဦးစီးဌာနက ဆိုပါသည်။ ထို့ပြင် မြေရှားသတ္တုဒြပ်စင်များမှာ လက်ကိုင်ဖုန်းများ၊ တက်ဘလက်များတွင်လည်း အသုံးပြုလျက်ရှိသည်။
Rare Earth ဟုခေါ်ဆိုသည့် မြေရှားသတ္တုများကို ဘရာဇီး၊ အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊ သြစတြေးလျ အစရှိသည့်နိုင်ငံများတွင်လည်း အများဆုံးတွေ့ရှိရသည်။
၂၀၁၉ ခုနှစ်တွင် အမေရိကန်အစိုးရ၏ ဘူမိဗေဒလေ့လာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ မြေရှားသတ္တု အများဆုံးထုတ်လုပ်သည့် နိုင်ငံလေးခုတွင် မြန်မာနိုင်ငံပါဝင်လာသည်ဟု ဖော်ပြထားသည်။ ဒေသခံကုမ္ပဏီများနှင့် ပူးပေါင်း၍ ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများဖြင့်လည်းကောင်း ပြည်တွင်းကုမ္ပဏီများဖြင့်လည်းကောင်း တူးဖော်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် မြေရှားသတ္တုအများဆုံးထွက်ရှိသည့်နေရာမှာ ကချင်ပြည်နယ်ဖြစ်ပြီး အထူးသဖြင့် မြောက်ဖျားပိုင်းတွင် အများဆုံးထွက်ရှိသဖြင့် မျက်စိကျလာခြင်းဖြစ်သည်ဟု ဆိုရမည်ဖြစ်သည်။
ပန်ဝါဒေသ၊ ခေါင်လန်ဖူးဒေသများတွင် အများဆုံးထွက်ရှိသည့် ယင်းသတ္တုကို ရှာဖွေလုပ်ကိုင်ခြင်းများကို ၂၀၁၀ ပြည့်နှစ်နောက်ပိုင်းတွင် လုပ်ကိုင်လာခဲ့ခြင်းဖြစ်သည်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း၌ ကုမ္ပဏီများက အစိုးရထံတွင် ဧကသိန်းနှင့်ချီပြီး သတ္တုစမ်းသပ်တူးဖော်ရေးအတွက် လျှောက်ထားခဲ့သည်။ ထင်ရှားသည့် သာဓကများမှာ ၂၀၁၈ ခုနှစ်တွင် မွန်ဂိုလီးယားဒိုဂျင်းကုမ္ပဏီက ပူတာအိုခရိုင်တွင် ဧကငါးသိန်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။
မွန်ဂိုလီးယားဒိုဂျင်းကုမ္ပဏီ၏ လုပ်ကွက်လျှောက်ထားမှုများတွင် ဖုန်ကန်ရာဇီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း ဧက ၅၉၀၀ ခန့်၊ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်အတွင်း ဧက ၁၂၈၀၀၀ ခန့်၊ ရှန်ခ ကြိုးပြင်ကာကွယ်တောအတွင်း ဧက ၃၅ဝဝခန့်၊ အစိုးရ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေအတွင်း ဧက ၃၅၅၅၀၀ ခန့်နှင့် ပန်နန်းဒင်မြို့နှင့် ကျေးရွာရှစ်ရွာပါဝင်ခဲ့သည်။
ယင်းကြောင့် ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများက ကန့်ကွက်ခဲ့ခြင်းကြောင့် စမ်းသပ်လုပ်ကွက် လျှောက်ထားမှုမှာ နောက်ဆုတ်ခဲ့သည်။ အလားတူ ၂၀၁၉ ခုနှစ်တွင်လည်း သတ္တုစမ်းသပ်လုပ်ကွက်လုပ်ကိုင်ရန် Fortuma Metal ကုမ္ပဏီက ထပ်မံလျှောက်ထားခဲ့သည်။ ဧကသုံးသိန်းခန့်ရှိသည့် ယင်းလုပ်ကွက်၏ အချို့ဧရိယာများမှာ ယခင်မွန်ဂိုလီးယားဒိုဂျင်းကုမ္ပဏီ လျှောက်ထားခဲ့သည့် နေရာများလည်း ပါဝင်ခဲ့သည်ကို တွေ့ရသည်။
Fortuma Metal ကုမ္ပဏီ၏ လုပ်ကွက်လျှောက်ထားမှုမှာ ဧရိယာနှစ်ခုဖြစ်ပြီး လုပ်ကွက် (၁) တွင် ကျေးရွာအုပ်စုပေါင်း လေးခု၊ ရွာပေါင်း ၅၂ ရွာ၊ အိမ်ခြေ ၉၀၈ အိမ်တွင် ကျေးရွာမြေ၊ လယ်မြေ၊ တောင်ယာ၊ ထိုင် ဝမ်ရှားထနင်ပင်၊ ခန်းတောက်မြစ်၊ ၀ါးတော၊ စားကော်။ ပါကော်ဟင်း ခတ်အမွှေးအကြိုင်၊ အလဲပင်၊ နွားနောက်ခြံ အစရှိသည့် ဧကပေါင်း ၆၂၉၈၉ ဧက ပါဝင်သည်။
လုပ်ကွက် (၂) တွင် ကျေးရွာအုပ်စုပေါင်း ခြောက်စု၊ ရွာပေါင်း ၄၈ ရွာ၊ အိမ်ခြေ ၇၂၁ အိမ်၊ ကျေးရွာမြေ၊ လယ်မြေ၊ တောင်ယာမြေ၊ ထိုင်ဝမ်ရှား၊ ထနင်ပင်၊ ခန်းတောက်မြစ်၊ ၀ါးတော၊ စားကော်/ ပါးကော် ဟင်းခတ် အမွှေးအကြိုင်၊ အလဲပင်၊ နွားနောက်ခြံ အစရှိသည့် စုစုပေါင်း ၄၃၆၂၂ ဒသမ ၁၃ ဧက ပါဝင်ကြောင်း ပြည်နယ်အစိုးရအုပ်ချုပ်ရေးဌာနမှ ကွင်းဆင်းထားသည့် မှတ်တမ်းများအရ သိရသည်။
Fortuma Metal ကုမ္ပဏီမှာ ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် ပူတာအိုဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီနှင့် ပူးပေါင်းပြီး သတ္တုရှာဖွေရေးလုပ်ငန်းများလုပ်ကိုင်ရန် လျှောက်ထားခဲ့ခြင်းဖြစ်သည်။ ပူတာအိုဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီမှာ အသေးစားကုမ္ပဏီတစ်ခုအဖြစ် ၂၀၁၉ ခုနှစ် မတ် ၂၈ ရက်တွင် မှတ်ပုံတင်ခဲ့ပြီး ဒါရိုက်တာသုံးဦးမှာ ဦးဖုန်ဆန့်ရေဒမ်၊ ဦးရယ်ဒမ်တန်နှင့် ဦးမန်ဂျာတန်ဒီးတို့ ဖြစ်သည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
Fortuma Metal ကုမ္ပဏီက နောက်ဆုတ်သွားပြီဟု ကချင်ပြည်နယ်အစိုးရအဖွဲ့က တရားဝင်ပြောကြားခဲ့သော်လည်း ယင်းနောက် နောက်ထပ်ဝင်ရောက်လာသည့်ကုမ္ပဏီတစ်ခုမှာ Z Hundred Million ဆိုသည့်ကုမ္ပဏီဖြစ်ပြီး ခဲမဖြူ၊ အဖြိုက်နက်နှင့် ဆက်စပ်သတ္တုများ စမ်းသပ်တူးဖော်ရန်အတွက် လျှောက်ထားခဲ့ကြောင်း ဝန်ကြီးဌာန၏လုပ်ကွက် စိစစ်ရေးအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
လက်ရှိတွင်လည်း ကချင်ပြည်နယ် မြောက်ဖျားပိုင်းဒေသဖြစ်သည့် ပန်ဝါဒေသ၊ ခေါင်လန်ဖူးဒေသများတွင် မြေရှားသတ္တု တူးဖော်နေသည့်ကုမ္ပဏီများ အနည်းဆုံး ၁၀ ခုခန့်ရှိသည်ဟု ကချင်ပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။
မြန်မာမျိုးကိုကို၊ ဆန်းလင်း၊ ချိန်းရန်းတောင်၊ မြန်မာအထွဋ်အထိပ် စသည့် ကုမ္ပဏီများမှာ လက်ရှိလုပ်ကိုင်နေသည့်တွင်း ထွက်တူးသည့်ကုမ္ပဏီများဖြစ်သည်။ အဆိုပါ နယ်မြေများတွင် ပြည်သူ့စစ်အဖွဲ့အချို့ အခြေစိုက်လှုပ်ရှားနေသည့် ဒေသများဖြစ်သည်။
တရုတ်နိုင်ငံသို့ အများဆုံးတင်သွင်းသည့် မြေရှားသတ္တုမှာ ကချင်ပြည်နယ် မြောက်ဖျားပိုင်းမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်။ ကချင်ပြည်နယ်တွင် သတ္တုတွင်း ကုမ္ပဏီများ မျက်စိကျနေသကဲ့သို့ ခိုးထုတ်ခြင်းခံနေရသည်မှာလည်း အထင်အရှားဖြစ်သည်။ပြည်နယ်အစိုးရကပါ လက်မှိုင်ချနေရသည်ဟု ဆိုနိုင်သည့် ကချင်ပြည်နယ်၏ သယံဇာတဆုံးရှုံးမှုများကို မည်သို့ကာကွယ်မလဲဆိုသည်မှာ NLD ဒုတိယသက်တမ်းအတွက် အရေးကြီးသည့်မေးခွန်းတစ်ခုလည်း ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ကချင်ပြည်နယ် မြောက်ဖျားပိုင်းတွင် သစ်ခိုးထုတ်ခြင်း၊ သတ္တုများခိုးတူးခြင်းများကို လုပ်ကိုင်နေသူများမှာ ပန်းပန်နေဆဲဖြစ်သည်ဟု ဆိုရမည်သာဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်း-ဝန်းသို-ပင်လည်ဘူး-ဗန်းမောက်ဒေသများတွင် Pan Aust ကုမ္ပဏီက မြေဧရိယာ နှစ်သိန်းနီးပါးကို ရွှေနှင့် ကြေးနီသတ္တုများ စမ်းသပ်တိုင်တာရှာဖွေခွင့်ရရှိခဲ့မှုအပေါ် ဒေသခံ အများစုက လက်ခံနိုင်သည့်အခြေအနေ နည်းပါးကြောင်း ဝန်းသိုမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ရွေးကောက်ပွဲမတိုင်ခင်ကာလက ဒေသခံများအနေဖြင့် လက်မှတ်စုရေးထိုးကာ ကန့်ကွက်မှုများလည်း ရှိခဲ့ကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် ရက်သတ္တပတ်ကျော်ခန့်က ကုမ္ပဏီဘက်မှ တာဝန်ရှိသူအချို့က စီမံကိန်းဧရိယာအတွင်း ပါဝင်သည့်ကျေးရွာများကို လိုက်လံရှင်းပြနေမှုများလည်း တွေ့ရှိရကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
သတ္တုစူးစမ်းရှာဖွေခွင့်လိုင်စင် (Exploration) ရရှိခဲ့သည့် PanAust ကုမ္ပဏီမှာ လက်ရှိအစိုးရလက်ထက်တွင် သတ္တုတူးဖော်ရေး ဥပဒေပြဋ္ဌာန်းအပြီး ၂၀၁၈ ခုနှစ်တွင် သတ္တုရှာဖွေရေးလိုင်စင်ကို ပထမဆုံးရရှိခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ယင်းမတိုင်မီကလည်း သတ္တုရှာဖွေရေး လိုင်စင်သုံးခုကိုလည်း ၂၀၁၆ ခုနှစ်အတွင်းက ရရှိခဲ့ဖူးသည်။
သြစတြေးလျနိုင်ငံတွင် ရုံးခန်းဖွင့်လှစ်ထားပြီး တရုတ်အစိုးရပိုင် Guandoung asses Company က ပိုင်ဆိုင်သည့် PanAust ကုမ္ပဏီမှာ မြန်မာနိုင်ငံတွင် သတ္တုရှာဖွေရေး လုပ်ငန်းများအတွက် ပြည်တွင်းမိတ်ဖက် ကုမ္ပဏီတစ်ခုဖြစ်သည့် Myanmar Energy Resources Group International Company Limited (MERG) နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ပြည်ထောင်စုအစိုးရအဖွဲ့က ခွင့်ပြုခဲ့သည့် PanAust ကုမ္ပဏီမှာ Wuntho Resources Company Limited (WRCL) ကုမ္ပဏီအမည်ဖြင့် လုပ်ကိုင်နေခြင်းဖြစ်ပြီး ယင်းကုမ္ပဏီတွင် PanAust ကုမ္ပဏီက ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်ပြီး Myanmar Energy Resources Group International Company Limited (MERG) က ၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ လက်ရှိတွင် ဝန်းသို (၃) အား လုပ်ကိုင်ခွင့် မရရှိမီကပင် ပင်လည်ဘူးမြို့တွင် ၄၀၀ စတုရန်းကီလိုမီတာရှိ ဝန်းသို (၂) အမည်ရှိ လုပ်ကွက်တစ်ခုနှင့် ဗန်းမောက်မြို့နယ်တွင် ၅၂၇ စတုရန်းကီလိုမီတာရှိ ဝန်းသို (၁) ဟူသည့် လုပ်ကွက်များကို ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ကွက်များတွင်သတ္တု စူးစမ်း ရှာဖွေရေးလုပ်ငန်းများကို လုပ်ကိုင်နေသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်များက လုပ်ငန်းများနှင့် ပတ်သက်ပြီး အသေးစိတ် မသိရှိကြောင်း Eleven Media Group ကို ယခင်ကဖြေကြားထားသည်။ ထို့အပြင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ဝန်းသို (၃) လုပ်ကွက်ရရှိရန် လပေါင်း ၂၀ ကျော်ကြာ အစိုးရ၊ ကုမ္ပဏီနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ နယ်ခံရပ်ရွာလူထုများ ပူးပေါင်းဆောင်ရွက်ခဲ့ရသည်ဟု The Daily Eleven သတင်းစာက Pan Aust ကုမ္ပဏီဘက်သို့ E-mail ဖြင့် ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ သတ္တုစူးစမ်းရှာဖွေခွင့်ကို လိုင်စင်ရရှိပြီး ရက် ၉၀ အကြာတွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဝန်းသို (၃) ၏ လိုင်စင်သက်တမ်းမှာ ခုနစ်နှစ်မှ ၁၂ နှစ်အထိဖြစ်ကြောင်း၊ သက်တမ်းတိုးလိုပါက အစိုးရထံ ထပ်မံလျှောက်ထားရမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြန်လည်ဖြေကြားထားသည်။
ယခုနောက်ဆုံးတွင် လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ဝန်းသို (၃) ဧရိယာမှာ အကြီးဆုံးဖြစ်ပြီး ဗန်းမောက်မြို့နယ်၊ ဝန်းသိုမြို့နယ်နှင့် ပင်လည် ဘူးမြို့နယ်များအတွင်းရှိ မြေနေရာများ ပါဝင်သည်။ PanAust ကုမ္ပဏီမှာ အာရှတွင် လာအို၊ မြန်မာ၊ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုနိုင်ငံဖြစ်သည့် ပါပူဝါနယူးဂီနီနှင့် တောင်အမေရိကတိုက်ရှိ ချီလီနိုင်ငံများတွင်း သတ္တုရှာဖွေတူးဖော်ရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။ ကုမ္ပဏီ၏ဒါရိုက်တာဘုတ် အဖွဲ့ဝင်များမှာ ခြောက်ဦးရှိပြီး ငါးဦးမှာ တရုတ်လူမျိုးများဖြစ်ကြောင်း ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားချက်များအရ သိရသည်။









