စောဒေးဗစ်လား၊ ရန်ကုန်တိုင်းအစိုးရနှင့် Double Standard

စောဒေးဗစ်လား၊ ရန်ကုန်တိုင်းအစိုးရနှင့် Double Standard
ကိုဗစ်စည်းကမ်းချိုးဖောက်မှုကြောင့် ထောင်ဒဏ်သုံးလချမှတ်ခံရသည့် စောဒေးဗစ်လားအား ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
ကိုဗစ်စည်းကမ်းချိုးဖောက်မှုကြောင့် ထောင်ဒဏ်သုံးလချမှတ်ခံရသည့် စောဒေးဗစ်လားအား ရုံးချိန်းတစ်ခုတွင် တွေ့ရစဉ်
Published 3 January 2021

ကိုဗစ်စည်းကမ်းချိုးဖောက်မှုကြောင့် ထောင်ဒဏ်သုံးလ ချမှတ်ခံခဲ့ရသည့် စောဒေးဗစ်လားနှင့် လူစုလူဝေးဖြင့် ဘာသာရေး အခမ်းအနားပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား နှိုင်းယှဉ်ဝေဖန်မှုဖြစ်စဉ်မှာ အများပြည်သူအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။

အဆိုပါဖြစ်စဉ်မှာ နိုင်ငံတော်သမ္မတရုံးက ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက်တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ဘေးအန္တရာယ်ဖြစ်သည့် လူစုလူဝေးများပြားသည့်နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များ မပြုလုပ်ရန်၊ ၂၀၂၀ ပြည့်နှစ် ဧပြီ ၃၀ ရက်အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် ညွှန်ကြားခဲ့ပြီး မရမ်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ၂၀၂၀ ပြည့်နှစ် မတ် ၂၆ ရက်တွင် အမိန့်အမှတ် ၂/ ၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့သည်။

သို့သော် ၂၀၂၀ ပြည့်နှစ် ဧပြီ ၇ ရက် ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ် အမှတ် (၂) ကမ္ဘာအေးဘုရားလမ်း အမှတ် (၇) ရပ်ကွက်ရှိ ညီအစ်ကိုများ အသင်းတော်ဝင်းအတွင်း ပေ ၂၀_ပေ ၂၀ အခန်းတွင် ညွှန်ကြားချက်နှင့် အမိန့်များကို ဖောက်ဖျက်ကာ ဦးဝေထွန်းနှင့် စောဒေးဗစ်လား ဦးဆောင်၍ လူစုလူဝေးဖြင့် နှစ်သိမ့်ဓမ္မတေးသီဆိုဆုတောင်းခဲ့သည့်အပြင် လူမှုကွန်ရက်တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည့်အတွက်ကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်နေချိန်တွင် ဘေးအန္တရာယ်ဖြစ်စေရန်အကြောင်းရှိသည်ကို သိလျက်နှင့် တမင်ပြုလုပ်ခဲ့သူနှစ်ဦးကို အရေးယူပေးရန် မရမ်းကုန်းမြို့နယ် အမှတ် (၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ ဧပြီ ၁၃ ရက်တွင် မရမ်းကုန်းမြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် စောဒေးဗစ်လားကို မေ ၂၀ ရက် နံနက်ပိုင်းက Quarantine ထားရှိရာ City Hotel Yangon မှ မရမ်းကုန်းမြို့နယ် တရားရုံးသို့ ခေါ်ဆောင်ခဲ့ပြီး ပထမအကြိမ် ရုံးထုတ်ရမန်ယူခဲ့ကာ ရဲလုပ်ငန်းဆောင်ရွက်ချက်များ စစ်ဆေးရန်ရှိနေသေးသည့်အတွက် မေ ၂၀ ရက်မှ ဇွန် ၃ ရက်အထိ ၁၅ ရက်ကြာ ချုပ်ရက်ရမန်ယူ၍ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

သြဂုတ် ၆ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်တရားရုံးက ၎င်းတို့နှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀ (က) ဖြင့် အလုပ်နှင့် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့သည်။

၎င်းတို့နှစ်ဦးသည် မရမ်းကုန်းမြို့နယ် တရားရုံးတွင် သုံးလနီးပါး တရားရင်ဆိုင်ခဲ့ရပြီးနောက် ပုဒ်မပြောင်းလဲ၍ ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ပြီး နှစ်ပတ်ကျော်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့ကာ ၎င်းအား မြန်မာနိုင်ငံတွင် COVID-19 ကဲ့သို့ ဒေသန္တရအမိန့်များ ထုတ်ပြန်ထားချိန်တွင် ပြည်ဝင်ခွင့်မပြုတော့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်အတူ COVID-19 စည်းကမ်းချက်များနှင့်မညီညွတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မေ ၂၄ ရက်တွင် ရှင်ဥပဂုတ္တမထေရ်မြတ် ဖောင်တော်ရေ ဆိပ်ချပွဲ အခမ်းအနားကို ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကန့်သတ်လူဦးရေထက် ကျော်လွန်ကျင်းပခဲ့သည့်အတွက် ပြည်သူများအကြား ဝေဖန်မှုမြင့်တက်ခဲ့သည်။

ယင်းဘာသာရေးအခမ်းအနားသို့  ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်မိမိကြွယ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ တတ်ရောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က Yangon Region Government Page တွင် သတင်းထုတ်ပြန်ခဲ့သောကြောင့် လူမှုကွန်ရက်စာမျက်နှာများတွင် တရားဟောဆရာ စောဒေးဗစ်လားဖြစ်စဉ်နှင့် နှိုင်းယှဉ်၍ ဝေဖန်ခဲ့ကြသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်သည်ဟု ဆိုကာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အပါအဝင် ရှစ်ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အရ အရေးယူပေးရန် မေ ၂၉ ရက် နံနက်ပိုင်းက ဗိုလ်တထောင်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သော်လည်း ရဲစခန်းက အကြောင်းပြန်ကြားခြင်းမရှိဟု အမှုဖွင့်တိုင်ကြားသူ ကိုစည်မြင့်ထံမှ သိရသည်။

အမှုဖွင့်တိုင်ကြားချက်တွင် နိုင်ငံတော်က ချမှတ်ထားသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေများ၊ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို ချိုးဖောက်ကာ လူစုလူဝေးဖြင့် အခမ်းအနားပြုလုပ်နေသည်ကို ဓာတ်ပုံမှတ်တမ်း အထောက်အထားများနှင့် တွေ့ရှိရသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဝန်ကြီးချုပ်၏ဇနီး ဒေါ်ခင်မိမိကြွယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုး၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ ဥပဒေချုပ် ဒေါ်ခင်မျိုးကြည်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ကို အရေးယူပေးရန် တိုင်ကြားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော် အရေးယူခြင်း တစ်စုံတစ်ရာ မရှိသည့်အပေါ် အများပြည်သူက ဘာသာရေးအရ ဖိနှိပ်မှုဖြစ်ကြောင်း အဆိုပါဖြစ်စဉ်အပေါ် ဝေဖန်ခဲ့ကြသည်။ ထို့ပြင် COVID-19 စည်းကမ်းချက်များဖောက်ဖျက်ကာ လူစုလူဝေးဖြင့် ဘာသာရေးအခမ်းအနား ကျင်းပခဲ့သူများဖြစ်သော ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူများဖြစ်သည့်အတွက် အရေးယူမှု တစ်စုံတစ်ရာ ပြုလုပ်ခြင်းမရှိခြင်းဖြစ်ကြောင်း ဝေဖန်ခဲ့ကြသည်။

စောဒေးဗစ်လားကို COVID-19 စည်းကမ်းချိုးဖောက်သည့်အတွက် ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုမူ အရေးယူမှုမရှိခြင်းမှာ ဥပဒေစံနှုန်းများတွင် နှစ်မျိုးနှစ်စား ရှိနေသလားဟု ဝေဖန်မှုများရှိခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

မျိုးထက်ပိုင်

Most Read

Most Recent