မီးသတ်တပ်ဖွဲ့ဝင်များ စံချိန်တင် မြွေဖမ်းခဲ့ရသည့် ၂၀၂၀

မီးသတ်တပ်ဖွဲ့ဝင်များ စံချိန်တင် မြွေဖမ်းခဲ့ရသည့် ၂၀၂၀
Published 2 January 2021

နေအိမ်အတွင်းရောက်ရှိနေသည့်မြွေကို မီးသတ်တပ်ဖွဲ့ဝင်များ ဖမ်းဆီးနေသည့်မြင်ကွင်း

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်လုပ်ငန်းများအပြင် အခြားထူးခြားမှု ဖြစ်စဉ်များအနေဖြင့် မြွေအများအပြား ဖမ်းဆီးပေးခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံအနှံ့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ပင်မတာဝန်ဖြစ်သည့် မီးငြိှမ်းသတ်ရေးအပြင် မြွေမျိုးစုံကို နေရာပေါင်းစုံမှ ဖမ်းဆီးခဲ့ရခြင်း ဖြစ်သည်။

တစ်နေ့တခြား မြင့်တက်လာသည့် လူဦးရေကြောင့် နေရာထိုင်ခင်းအတွက် တောရိုင်းမြေများ ခုတ်ထွင်ရှင်းလင်းကြပြီး မြို့ပြများ တည်ဆောက်လာကြသည်။ ထိုသို့ တည်ဆောက်လာခြင်းကြောင့် သက်ရှိတိရစ္ဆာန်များသည် နေစရာတောများ ပြုန်းတီးလာသည့်အတွက် စားကျက်မြေရှာဖွေရင်း မြို့ပြများဆီ လမ်းမှားရောက်ရှိလာခဲ့ကြသည်။ ထိုသို့ ရောက်ရှိလာသည့် တိရစ္ဆာန်များတွင် အများဆုံးက တွားသွားသတ္တဝါများ ဖြစ်သည့် မြွေများပင်ဖြစ်သည်။

ယခုနှစ်အတွင်း လူမှုကွန်ရက် စာမျက်နှာများတွင် မြွေများ ဖမ်းပေးနေသည့် မီးသတ်တပ်ဖွဲ့ဝင်များကို ချစ်စနိုးနှင့် “ ရဲဘော်တို့ မြွေဖမ်းထွက်ကြစို့” ဟု စာတမ်းပါ ကာတွန်းများကိုလည်း တွေ့မြင်ကြရသည်။

မြွေဖမ်းနေကြသည့် မီးသတ်တပ်ဖွဲ့ဝင်များအနက် တစ်ဦးဖြစ်သည့် ကိုတိုးအောင်က “ မရမ်းကုန်းမြို့နယ် အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ အိမ်တစ်အိမ်မှာ အဲကွန်းထဲမှာ မြွေတစ်ကောင်တွေ့တယ်။ ကူညီပေးပါဆိုလို့ ကျွန်တော်တို့ သွားခဲ့တယ်။ မြွေက တစ်ကောင်တည်း မဟုတ်ဘူး။ နှစ်ကောင်ပေါ့။ ပထမတစ်ကောင်ကို ဖမ်းဖို့ကြိုးစားနေတဲ့အချိန်မှာ နောက်တစ်ကောင်က ခေါင်းပေါ်ကနေ ကျွန်တော့်ဦးထုပ်ကို ကိုက်တယ်။ အဲဒါကို ကျွန်တော်နဲ့ပါလာတဲ့ ညီတစ်ယောက်က ခေါင်းပေါ်မှာ မြွေတစ်ကောင်ရောက်နေတယ်ပြောမှ ကျွန်တော်က မြွေနှစ်ကောင်မှန်း သိတယ်။ အဲဒီ မြွေနှစ်ကောင်စလုံးကို အရှင်ဖမ်းမိပြီးတော့ BPI ဆေးဝါးထုတ်လုပ်ရေးကို သွားပို့ခဲ့ပါတယ်။ အဲဒီကနေစပြီး ကျွန်တော် မြွေဖမ်းခဲ့တာပါ။ ကျွန်တော့်အတွက် ဘာသာရေးအနေနဲ့ ကြိုတင်ကာထားတဲ့အတိုင်းအတာလေးတော့ ရှိတာပေါ့။ ဒါပေမဲ့ စိတ်ချယုံကြည်သလားဆိုတော့ မမှားသောရှေ့နေ မသေသော ဆေးသမားဆိုတဲ့ စကားအတိုင်း အမြဲသတိထားပါတယ်။ မြွေဆေးပေါက် ထားပါတယ်။ နှစ်ကြိမ်ရှိပါပြီ” ဟု ၎င်း၏ မြွေဖမ်းအတွေ့အကြုံကို ပြောကြားသည်။

၎င်းသည် သုံးနှစ်တာကာလအတွင်း မြွေအကောင်ရေ သုံးရာခန့် ဖမ်းဆီးနိုင်ခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၎င်းနည်းတူ အခြားမီးသတ်တပ်ဖွဲ့ဝင်များသည်လည်း များပြားလှသည့် မြွေများကို ဖမ်းဆီးခဲ့သည်။

မီးသတ်တပ်ဖွဲ့ဝင်များသည်  တစ်ကိုယ်ရည်သုံးအကာအကွယ် မြွေဖမ်းပစ္စည်းကိရိယာများအသုံးပြုရပြီး ယခုလို မြွေဖမ်းရခြင်း သည် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အန္တရာယ်များသည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အင်းလျားလိပ်လမ်းတွင် တွေ့ရှိခဲ့သည့် လုံးပတ် တစ်ပေ၊ အရှည် ၁၅ ပေရှိ စပါးအုံး မြွေကြီးကို ဖမ်းဆီးသည့်သတင်းသည် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်သူများအကြား အထူးရေပန်းစားခဲ့သည်။ လူသွားလူလာ မပြတ်သည့် အင်းလျားလိပ်လမ်းတွင် ၁၅ ပေအရှည်ရှိ စပါးအုံးမြွေကြီးကို တွေ့ခဲ့ရခြင်းသည့် ပုံမှန်ထက် ထူးခြားသည့် အခြေအနေတစ်ရပ်ဟုလည်း ဆိုနိုင်ပေသည်။

ယခုနှစ်အတွင်း မြွေများဆက်တိုက်ဆိုသလို ဖမ်းဆီးနေရခြင်းပတ်သက်၍ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက “ အခုနောက်ပိုင်းတော့ ကျွန်တော်တို့ မြို့နယ်ထဲမှာလည်း မြွေတွေက ဖမ်းလာရပါတယ်။ ကျွန်တော့်အမြင်အရဆိုရင် မြွေတွေ အတွေ့များတာက သူတို့ အစာရေစာ ရှားပါးလာတာလား။ သဘာဝဘေးအန္တရာယ် တစ်ခုခုလားလို့ ထင်ပါတယ်” ဟု ပြောကြားသည်။

“ မြွေတွေကတော့ အမျိုးမျိုးပဲ။ သစ်ပင်ပေါ်က မြွေတွေကို ဖမ်းရတာလည်းရှိတယ်။ လမ်းဘေးချုံထဲက မြွေတွေကို ဖမ်းရတာလည်းရှိတယ်။ နောက်ပိုင်း ဒဂုံတောင်တို့ ဒဂုံမြောက်တို့မှာဆို မြွေတွေက အိမ်ထဲအထိ ဝင်ခွေနေကြတာရှိတယ်။ အဲဒီတော့ ပြည်သူတွေကလည်း ကြောက်ပြီး မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားပါတယ်။ ကျွန်တော်တို့ မီးသတ်တပ်ဖွဲ့ကတော့ ပြည်သူတွေအတွက် အမြဲအဆင်သင့်ရှိနေမှာပါ” ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် မီးသတ်တပ်ဖွဲ့ဝင်များမှာ စပါးအုံး၊ စပါးကြီး၊ ငန်းတော်ကြား၊ လင်းမြွေ၊ မြွေစိမ်းမြီးခြောက်နှင့် အခြားမြွေအမျိုးအစားပေါင်းများစွာ ဖမ်းဆီးခဲ့ရကြောင်း၊ ထို့ပြင် ၎င်းတို့၏ ပင်မတာဝန်ဖြစ်သည့် မီးငြိှမ်းသတ်ရေးလုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း မလစ်ဟင်းရအောင် ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် အခက်အခဲကြုံတွေ့လာပါက မီးသတ်ဌာနသို့ ၂၄ နာရီ အကူအညီတောင်းခံနိုင်သည်ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

သီဟအောင်

Most Read

Most Recent