၂၀၂၀ ပြည့်နှစ်တွင် COVID-19 ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်ကုန်ခြင်း၊ အလုပ်အကိုင်များ ယခင်နှစ်များထက် ပိုမိုရှားပါးလာခြင်းနှင့် ငွေရှာဖွေရ ခက်လာခြင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၂၀ ပြည့်နှစ်အတွင်း ငွေကြေးအကျပ်အတည်းများနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်များ ရှိခဲ့သည်။
၂၀၂၀ ပြည့်နှစ်အတွင်း ပြည်သူများအကြား အထိတ်အလန့် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်တွင် သားအငယ်က ဖခင်ဖြစ်သူနှင့် အစ်ကိုဖြစ်သူအား သတ်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာ ၁ ရက် ည ၈ နာရီခွဲ ခန့်တွင် ကမာရွတ်မြို့နယ် ၄ ရပ်ကွက် ကွမ်းခြံ ၆ လမ်းတွင် ဦး.... သည် နေအိမ်၌ရှိနေစဉ် သားအငယ် ဖြစ်သူ ကို....(၃၅ နှစ်) ရောက်ရှိလာ ပြီး ငွေကြေးအဆင်မပြေသည်ကို ပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့ပြောဆိုရာမှ စကားများ ပြီး ဖခင်ဖြစ်သူအား ဓားနှင့်ထိုးသတ် ခဲ့ကြောင်း၊ ထို့နောက် နေအိမ်မှထွက် သွားပြီး လမ်းဘေးတွင် အရက်ထိုင် သောက်နေသည့် အစ်ကိုဖြစ်သူကိုပါ ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။
ဓားဖြင့်အထိုးခံရသဖြင့် ကို....(၃၅ နှစ်) ၏ အစ်ကိုဖြစ်သူမှာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဖခင် ဖြစ်သူမှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဧပြီ ၂၃ ရက် ည ပိုင်းကလည်း ဒဂုံဆိပ်ကမ်းမြို့နယ်တွင် လူတစ်ဦးက အငှားယာဉ်ကို ငှားစီးခဲ့ကြောင်း၊ ထို့နောက် အဆိုပါ ငှားရမ်းစီးသူက ယာဉ်မောင်းအား ဓားဖြင့်အချက်ပေါင်းများစွာထိုး၍ ယာဉ်မောင်းကို လမ်းတွင် ပစ်ချခဲ့ကာ ယာဉ်ကို လုယူသွားခဲ့ကြောင်း သိရသည်။
အငှားယာဉ်မောင်းမှာ မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသစဉ် ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
အလားတူ စက်တင်ဘာ ၄ ရက်တွင် မင်္ဂလာဒုံမြို့နယ်၊ ကြူစမ်းရွာသစ်တွင် မိသားစုကိစ္စများကြောင့် အမျိုးသားတစ်ဦးက မိသားစုဝင် လေးဦးကို ဓားဖြင့်ထိုးသတ်သဖြင့် နှစ်ဦးသေဆုံးပြီး ကျုးလွန်သူမှာ မိမိကိုယ်ကိုယ် အဆိပ်သောက် သတ်သေမှု ဖြစ်ပွားခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်နှစ်များကကဲ့သို့ သုံးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ လူသတ်မှုဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက်တွင် လှည်းကူးမြို့နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁ ရက် နံနက် ၄ နာရီခွဲခန့်တွင် ဦး.... သည် ဆိုင်မှ နေအိမ်သို့ပြန်လာစဉ် နေအိမ်၌ အမြွှာသားနှစ်ဦးနှင့် သမက်တစ်ဦးအား ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ယင်းသို့တွေ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အကြောင်းကြားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားသည့်အချိန်မှာ ဇန်နဝါရီ ၃၁ ရက် ည ၁၂ နာရီဝန်းကျင်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်းဖြစ်ပွားသည့် နေရာမှာ လူသွားလူလာ နည်းပါးကြောင်း၊ သေဆုံးသူ အမြွှာညီအစ်ကိုနှစ်ဦး၏ ဖခင်မှာ အခင်းဖြစ်ပွားသည့် လမ်းထိပ်တွင် ထမင်းဆိုင်ဖွင့်ထားကြောင်း၊ ရန်ငြိုးရန်စ ပြဿနာများကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့အတူ ၂၀၂၀ ပြည့်နှစ်အ တွင်း ထူးခြားသည့်လူသတ်မှုဖြစ်စဉ် တစ်ခုအနေဖြင့် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းတွင် လှိုင်သာယာမြို့ နယ်နေ သမီးရည်းစားစုံတွဲတစ်တွဲသည် ယင်းမြို့နယ်အတွင်း ချိန်းတွေ့ စကားပြောနေစဉ် ဆိုင်ကယ်တစ်စီး ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး ၎င်းတို့ထံမှ ငွေနှင့် ဖုန်းတောင်းယူခဲ့ကြောင်း၊ ယင်းသို့တောင်းယူစဉ် မိန်းကလေးဖြစ်သူက ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းစဉ် ၎င်းတို့က မအော်ရန်ပြောဆိုပြီး အသင့်ပါလာသည့် သံချောင်းဖြင့် ရိုက်နှက်သဖြင့် မိန်းကလေးမှာ ခေါင်းတွင် ဒဏ်ရာရရှိပြီး အဝေးသို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
မိန်းကလေး ထွက်ပြေးသွားသည့်အချိန်တွင် လုယက်သူ အမျိုးသားနှစ်ဦးနှင့် မိန်းကလေး၏ ရည်းစားဖြစ်သူတို့ လုံးထွေးသတ်ပုတ်ခဲ့ကြကြောင်း၊ ယင်းသို့ လုံးထွေးသတ်ပုတ်စဉ် မိန်းကလေး၏ ရည်းစားဖြစ်သူက လုယက်သူ အမျိုးသားနှစ်ဦးအား ဓားဖြင့်ထိုးခဲ့သဖြင့် လုယက်သူနှစ်ဦး သေဆုံးသွားခဲ့သည့် အဆိုပါ ဖြစ်စဉ်မှာလည်း ထူးခြားသည့် ဖြစ်စဉ်တစ်ခု ဖြစ်သည်။
ယခုနှစ်အတွင်း တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်တွင် လင်မယားနှစ်ဦး နေအိမ်တိုက်ခန်းအတွင်း အသတ်ခံခဲ့ရပြီး ငွေများလုယူခံခဲ့ရသည့် ဖြစ်စဉ်မှာလည်း ထင်ရှားခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်၊ (၇) ရပ်ကွက်၊ ၆ လမ်း (ခ) ရှိ လေးလွှာ တိုက်ခန်းတစ်ခုတွင် လင်မယားနှစ်ဦး အသတ်ခံထားရကြောင်း အဆိုပါ လမ်းတွင်နေထိုင်သူ တစ်ဦးက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သို့ ဇူလိုင် ၃၁ ရက် ည ၈ နာရီတွင် လာရောက် သတင်းပေးပို့ခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ အသက် ၃၀ ကျော်အရွယ် ရခိုင်လူမျိုး လင်မယား နှစ်ဦးအနက် အမျိုးသားမှာ ထိုးသွင်းဒဏ်ရာ အချက်၂၀ ကျော်နှင့် အမျိုးသမီးမှာ နားထင်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း၊ သေဆုံးသည့်အချိန်တွင် ၎င်းတို့၏နေအိမ်မှ ငွေများကို ကျုးလွန်သူက ယူဆောင်သွားခဲ့ပြီး လက်ရှိအချိန်တွင် ကျုးလွန်သူအား ဖမ်းဆီးရမိထားသည်။
ထို့အတူ စမ်းချောင်းမြို့နယ်တွင် ဆရာဝန်တစ်ဦးကို သတ်သွားသည့်ဖြစ်စဉ်လည်းရှိခဲ့ပြီး ဆရာဝန်၏ မိသားစုနှင့် အိမ်ထောင်ရေး/လူမှုရေး အရှုပ်အထွေးများကြောင့် ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီခန့်တွင် စမ်းချောင်းမြို့နယ် စမ်း/မြောက်ရပ်ကွက်နေ ဒေါက်တာစောခိုင် (၄၅ နှစ်) သည် ၎င်းဆေးခန်းထိုင်သည့် ‘မြတ်တော်ဝင်’ ဆေးခန်းသို့ သွားရန် နေအိမ်တိုက်ခန်းရှေ့ လမ်းဘေး၌ ရပ်ထားသော မော်တော်ယာဉ်နံဘေးတွင် တံခါးဖွင့်နေစဉ် Mask/Hair Net Cap (ဆံပင်စွပ်) ဝတ်ဆင်ထားပြီး အမျိုးသမီးကဲ့သို့ အသွင်ယူ ဝတ်ဆင်ထားသူ တစ်ဦးက ဓားဖြင့်ထိုး၍ ပစ္စည်းများ ထည့်ထားသည့် လက်ဆွဲအိတ်ငယ်ကို ယူဆောင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။
ဒေါက်တာစောခိုင်တွင် လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ လက်မောင်း ထိုးသွင်း၊ ပြတ်ရှဒဏ်ရာ အများအပြားရရှိပြီး နေရာတွင် လဲကျသေဆုံးခဲ့ကြောင်း သိရသည်။ တရားခံမှာ ပြစ်မှုကျူးလွန်ပြီး အခင်းဖြစ်နေရာမှ ဗားကရာလမ်း၊ ပြည်လမ်းထောင့်၊ မော်တင်တံတားအထိ အငှားယာဉ် 7J/---- Probox ယာဉ်ကို လည်းကောင်း၊ ၎င်းမှတစ်ဆင့် မရမ်းကုန်းမြို့နယ်၊ (၃) ရပ်ကွက်၊ အင်းစိန်လမ်းနှင့် အောင်သိဒ္ဓိလမ်းဆုံသို့ အငှားယာဉ် CC/---- VAN ယာဉ်ကို လည်းကောင်း ငှားရမ်းကာ လမ်းကြောင်းများ အဆင့်ဆင့်ပြောင်းလဲ၍ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း တွေ့ရှိရပြီး အဆင့်ဆင့် စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။
စုံစမ်းဖော်ထုတ်ချက်အရ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် (၂) ရပ်ကွက် မုဒိတာအိမ်ရာ (၁) တိုက ်(ဘီ) အခန်း (...) ၌နေထိုင်သည့် တိုးဝေဝင်း (ခ) နေသူရိန် (ခ) မြသိန်း (၃၈ နှစ်) (ဘ) ဦးခင်မောင်ဝင်းအား နေအိမ်၌တွေ့ရှိ ဖမ်းဆီးရမိပြီး အခင်းဖြစ်ပွားစဉ် ယူဆောင်သွားသော လက်ဆွဲအိတ်ကို တရားခံနေအိမ်မှ သိမ်းဆည်းရမိ၍ စစ်ဆေးချက်အရ တရားခံသည် သေဆုံးသူ ဒေါက်တာစောခိုင်၏ မိသားစုနှင့် အိမ်ထောင်ရေး၊ လူမှုရေး အရှုပ်အထွေးများကြောင့် ပြစ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ပြီး ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ထို့ပြင် လှိုင်သာယာမြို့နယ်တွင် တရုတ်နိုင်ငံသား တစ်ဦးအား ဓားဖြင့်ထိုးသတ်ပြီး ဒေါ်လာများ လုယက်ခဲ့သည့် ဖြစ်စဉ်မှာလည်း ၂၀၂၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့ပြီး အဆိုပါဖြစ်စဉ်မှ ကျုးလွန်သူနှစ်ဦးအား ဖမ်းဆီးစစ်ဆေး လျက်ရှိသည်။
ထို့ပြင် ရွှေပြည်သာမြို့နယ်တွင် ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက အလှပြင်ဆိုင်ဝန်ထမ်း အမျိုးသမီးအား ၎င်း၏ခင်ပွန်းဖြစ်သူက ဓားဖြင့်ဝင်ထိုးပြီး ဝင်ရောက်ဖျန်ဖြေသည့် ဆိုင်ရှင်လင်မယားနှစ်ဦး သေဆုံးမှုလည်း ဖြစ်ပွားခဲ့သည်။
အလားတူ ၂၀၂၀ နှစ်ကုန်ပိုင်း ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်၊ အပိုင်း (၃)၊ ငမိုးရိပ် ၆ လမ်း၊ အမှတ် ၄၀၅၊ ပထမထပ် ခေါင်းရင်းခန်းနေ အိမ်ဧည့်ခန်းအတွင်း လူနှစ်ဦး သွေးအိုင်အတွင်း လဲကျသေဆုံးနေသဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ် ရေးအဖွဲ့နှင့် အခြားတာဝန်ရှိသူများက စစ်ဆေးရာ နေအိမ်တိုက်ခန်း ဧည့်ခန်းနှင့် အိပ်ခန်းလျှောက်လမ်းတွင် အမျိုးသားတစ်ဦး လည်ပင်းပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲလက်ကောက်ဝတ် ပြတ်ရှဒဏ်ရာ လေးချက်ဖြင့် လည်းကောင်း၊ အမျိုးသမီးတစ်ဦးမှာ လည်ပင်းပြတ်ရှ ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်ပွားချိန်တွင် အိမ်ခန်း ဝင်/ထွက်ပေါက် သံပန်းတံခါးကို အတွင်းမှ သော့ပိတ်ထားကြောင်း၊ ကနဦး စစ်ဆေးချက်များအရ သေဆုံးသူများအနီးရှိ သွေးကွက်များပေါ်၌ ခြေရာများ တွေ့ရှိရကြောင်း၊ ခြေပုံစံစစ်ဆေးချက်အရ သေဆုံးသူ အမျိုးသား၏ ခြေရာများဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ဆက်လက်စစ်ဆေးရာ သေဆုံးသူ အမျိုးသားမှာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မရွာနေ ကို.... (၃၂ နှစ်) နှင့် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ လက်ယက်မရွာနေ မ.... (၂၄ နှစ်) ဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ် ၆ လမ်း၊ အမှတ် ၄၀၅ တွင် လာရောက် ငှားရမ်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ပြီဖြစ်ကြောင်း၊ ၎င်းတို့နှစ်ဦးမှာ အတူနေ သမီးရည်းစားများဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။
သေဆုံးသူနှစ်ဦးမှာ လူမှုရေး အရှုပ်အရှင်းများကြောင့် တစ်ဦးနှင့် တစ်ဦး စကားများခဲ့ကြောင်း၊ ယင်းသို့ စကားများရာမှတစ်ဆင့် နေအိမ်တွင် အသုံးပြုသည့်ဓားများ ကိုင်ဆောင်ကာ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင် လူသတ်မှုဖြစ်စဉ်မှာ အတူနေ သမီးရည်းစားနှစ်ဦး လူမှုရေးကိစ္စ အရှုပ်အရှင်းများကြောင့် စကားများရန်ဖြစ်ပြီး အမျိုးသားက အမျိုးသမီးကို ဓားဖြင့်ခုတ်သတ်ခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည်ဟု သေတမ်းစာအရ သိရှိရကြောင်း၊ စကားများရန်ဖြစ်ပြီး အမျိုးသားက အမျိုးသမီးအား ဓားဖြင့်ခုတ်သတ်ခဲ့ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သည် ဆိုသည့် သွေးစွန်းနေသော သေတမ်းစာ နှစ်စောင်ကို အခင်းဖြစ်ပွားသည့် နေအိမ်တိုက်ခန်းအတွင်း အလောင်းအနီးရှိ စားပွဲသေးပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ အဆိုပါ သေတမ်းစာတွင် ၎င်းတို့နှစ်ဦးမှာ လက်မှတ်ထိုးထားကြောင်း၊ မင်းရဲ့စကားတစ်ခွန်းကြောင့် ငါတို့သေရပြီ။ လူတစ်ဦး၏ စကားတစ်ခွန်းကြောင့် လူနှစ်ဦးသေပြီ ဖြစ်ကြောင်း၊ ၎င်းမှာ ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ၎င်းမှာ နိုင်ငံခြား မသွားချင်သေးကြောင်း အစရှိသည်များ ပါရှိကြောင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် Stay at Home စတင်သည့် ဧပြီလအတွင်း လူမှုကွန်ရက် စာမျက်နှာတွင် လူသိများခဲ့သည့် လူသတ်မှုဖြစ်စဉ် တစ်ခုလည်း ရှိခဲ့သည်။
ဧပြီ ၁၀ ရက် မွန်းလွဲ ၁ နာရီကျော်တွင် တာမွေမြို့နယ် မလွှကုန်း ဌေးကြွယ် (က) ရပ်ကွက် ဓမ္မဒါနလမ်းတွင် အမျိုးသားနှစ်ဦး စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထို့နောက် ဓားထိုးမှုဖြစ်ပွားခဲ့ပြီး ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားမှာ ထွက်ပြေးတိမ်းရှောင်သဖြင့် ရပ်ကွက်နေသူများမှ လိုက်လံဝိုင်းဝန်း ဖမ်းဆီးခဲ့ရသည်။









