၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူခင်းဖြစ်ရပ်များစွာ ဖြစ်ပွားခဲ့ရာ ထိုဖြစ်ရပ်များထဲက အထူးခြားဆုံးနှင့် အထင်ရှားဆုံး ဖြစ်ရပ်များမှာ ကျောက်မဲခရိုင်နှင့် မူဆယ်ခရိုင်တို့တွင် ဖြစ်ပျက်ခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်းသည် မြန်မာတစ်နိုင်ငံလုံး၏ လက်နက်ကိုင်တပ်ဖွဲ့ အများဆုံး သွားလာလှုပ်ရှားနေသော ဒေသတစ်ခုဖြစ်ပြီး တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များကြား တိုက်ပွဲများ အများဆုံးဖြစ်ပွားရာ ဒေသတစ်ခု၊ တိုင်းရင်းသား လက်နက်ကိုင် အချင်းချင်းအကြား အများဆုံး တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်ခု၊ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသောသူများ ပစ်မှတ်ထား လုပ်ကိုင်နေသော ဒေသတစ်ခု၊ လက်နက်မှောင်ခို လုပ်ငန်းများနှင့် တရားမဝင် ကုန်စည်ကူးသန်း ရောင်းဝယ်မှု လုပ်ကိုင်ကောင်းနေသော ဒေသတစ်ခုအပြင် အင်အားကြီး နိုင်ငံတချို့၏ ခြေရှုပ်ရာဒေသ တစ်ခုလည်း ဖြစ်သည်။
ထိုထိုသော ပြဿနာပေါင်းစုံရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း အထင်ရှားဆုံး ဖြစ်ရပ်နှစ်ခု ဖြစ်ပွားခဲ့သည်။
ထိုထင်ရှားသော ဖြစ်ရပ်မှာ ၂၀၂၀ ပြည့် နှစ် နိုဝင်ဘာ ၂၁ ရက် ညနေ ၆ နာရီခွဲခန့်က ပြည်သူ့ရွေးကောက်ခံ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်လာသူ ကျောက်မဲမြို့က ဦးထိုက်ဇော်ကို အနီးကပ် လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှ မေလအထိ တပ်မတော်၏ သုံးလကျော်ကြာ မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း ပြည်သူ့စစ်တစ်ဖွဲ့လုံး ဖျက်သိမ်းလိုက်ရသည်အထိ လက်နက်ခဲယမ်း၊ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရရှိခဲ့မှု ဖြစ်စဉ်များက ထင်ရှားခဲ့သည်။
နိုဝင်ဘာ၂၁ ရက် ညနေ ၆ နာရီခွဲ ခန့်က ကျောက်မဲမြို့နယ်၊ ပင်တိန်ရွာနေသည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ၎င်း၏နေအိမ် စျေးဆိုင်၌ ရှိနေစဉ် ကွမ်းယာဝယ်ယူသူ အယောင်ဆောင်ကာ ဆိုင်ကယ်စီးလာသော လူနှစ်ဦးက သေနတ်ဖြင့် အနီးကပ်လာရောက် ပစ်ခတ်လုပ်ကြံ ခံရမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ သေဆုံးမှုနှင့် ပတ်သက်၍လည်း ယခုအချိန်ထိ တစ်လပြည့်သွားသော်လည်း လုပ်ကြံခဲ့သော တရားခံများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။
အဆိုပါ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်မှုဟု ယူဆရသော ဦးထိုက်ဇော်သေဆုံးမှုနှင့် ပတ်သက်၍ အမှုမှန် ဖော်ထုတ်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး မရရှိခြင်းက အဓိက အကြောင်းအရာတစ်ခု ဖြစ်နေကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်က ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) နေရာအတွက် ဝင်ရောက် အရွေးကောက်ခံ အနိုင်ရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ NLD ကိုယ်စားလှယ် ဦးထိုက်ဇော်သည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)မှ ဦးစိုင်းမြထွန်းဆွယ်ဟိန်း (ခ) စိုင်းဆမ်လျဲန်း၊ ပြည်ခိုင်ဖြိုးပါတီမှ ဦးကျော်စိန်၊ ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီမှ ဦးစိုးကိုခိုင်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)မှ ဦးစိုင်းထွန်းလင်းတို့နှင့် ယှဉ်ပြိုင်ခဲ့ရခြင်း ဖြစ်သည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ကျောက်မဲမြို့နယ် အမှတ် ၈ ရပ်ကွက် နယ်မြေ ၁၀ ရှိ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၏ အစ်ကိုရင်းဖြစ်သူ ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးထွန်း၏ နေအိမ်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း တွင်သာမက ကမ္ဘာတစ်ဝန်း စိတ်ဝင်စားခံခဲ့ရသည့် မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်က မူးယစ်ဆေးဝါးနှင့် လက်နက်ခဲယမ်း ဖမ်းဆီးရရှိခဲ့မှုနှင့် ကောင်းခါးပြည်သူ့စစ်တပ်ဖွဲ့ တစ်ခုလုံး ဖျက်သိမ်းခဲ့ရမှုကလည်း ထင်ရှားခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ် လွယ်ခမ်ကျေးရွာတစ်ဝိုက်၌ ဖေဖော်ဝါရီ ၂၀ ရက်ကစတင်ကာ ဧပြီ ၉ ရက်အထိ သုံးလကြာ တပ်မတော်နှင့် ပြည်သူ့ ရဲတပ်ဖွဲ့အင်အား ၃၀၀ ကျော် ပါဝင်သော မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း ယာဘဆေးပြား သန်း ၂၀၀ နီးပါး အပါအဝင် ဆက်စပ် မူးယစ်ဆေးဝါးတွေ၊ မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကျောက်မဲ နောင်ချို သီပေါ လားရှိုး မူဆယ် နမ့်ခမ်းရှိ ဘဏ်အချို့ကို လက်နက်ကိုင်တချို့က ဆက်ကြေး အခွန်ငွေ တောင်းခံသည်ဟု သတင်းများ ထွက်ပေါ်လာမှုကြောင့်လည်း ဘဏ်တချို့ ခေတ္တပိတ်ထားခဲ့ခြင်းများ ရှိခဲ့ပြီး များမကြာမီ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ယခုလက်ရှိတိုင် တပ်မတော်နှင့် ရဲတပ်ဖွဲ့များ လုံခြုံရေး ဆောင်ရွက်ပေးနေရသည်။
ထို့ပြင် အမည်မသိ လက်နက်ကိုင်ဆောင် ထားသူများက ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ် ကျေးရွာများမှ လူတချို့ကို ဖမ်းဆီးခေါ်ဆောင်၍ ငွေကြေးများ တောင်းခံလဲလှယ်ခဲ့မှုများလည်း ရှိနေပြီး ရွေးကောက်ပွဲ ကာလအပြီး နောင်ချို၊ ကျောက်မဲ၊ သီပေါ ကွတ်ခိုင်၊ မူဆယ်၊ မုံးပေါ်၊ နမ့်ခမ်းမြို့များ၌ မကြာခဏ ဆိုသလို တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေလျက် ရှိသည်။









