လှည်းကူးမြို့နယ်ရှိ ကိုရီးယား-မြန်မာ စက်မှုဇုန်၊ မြန်မာ-စင်ကာပူ စက်မှုဥယျာဉ်နှင့် ဒဂုံမြို့သစ်တွင် Smart and Eco City Project စီမံကိန်းများကို စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂၀ ရက်တွင် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်းသည့် မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျွန်မတို့ နိုင်ငံတော်စီမံကိန်းကြီးတွေလည်း အများကြီးစီစဉ်ထားတာရှိပါတယ်။ ဥပမာဆိုရင် နောက်လ ဒီဇင်ဘာလမှာ ကိုရီးယား-မြန်မာစက်မှုဇုန်ကို လှည်းကူးမြို့နယ်မှာ စပြီးအုတ်မြစ်ချပါမယ်။ နောက်မကြာမီ ကာလမှာ မြန်မာ-စင်ကာပူ စက်မှုဥယျာဉ်ပေါ့။ အဲဒါကလည်း လှည်းကူးမြို့နယ်မှာပါပဲ။ ဒါကိုလည်း စပြီးတော့ အကောင်အထည်ဖော်ပါမယ်။ နောက်ပြီးတော့ ဒဂုံမြို့သစ်ဘက်မှာဆိုရင်လည်း Smart and Eco City Project ပေါ့။ မြို့သစ်စီမံကိန်းတစ်ခုလို့ပဲ ပြောရမှာပေါ့။ နည်းပညာတိုးတက်မှုနဲ့ ပြည့်ဝတဲ့ မြို့စီမံကိန်းတစ်ခုကိုစပြီး အကောင်အထည်ဖော်ဖို့ရှိပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
COVID ကာလဖြစ်သော်လည်း ကိုရီးယား-မြန်မာ စက်မှုဇုန် (KMIC) စီမံကိန်း တင်ဒါအောင်နိုင်သူအား နှစ်လအတွင်း ရွေးချယ်မည်ဖြစ်ပြီး အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများကို ၃၁၅ ဧကပေါ်တွင် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း Korea-Myanmar Industrial Complex-KMIC Development Co.,Ltd က နိုဝင်ဘာလဆန်းပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကိုရီးယား LH နှင့် Global Sae-A တို့ ပူးပေါင်းဆောင်ရွက်သောဖက်စက်ကုမ္ပဏီ KMIC ၊ အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများကို ရန်ကုန်မြို့၏မြောက်ဘက် ၁၀ ကီလိုမီတာ အကွာအဝေးတွင် စတင်မည်ဖြစ်သည်။
KMIC သည် မြန်မာနိုင်ငံအစိုးရနှင့် Korea Land and Housing Corporation (LH) တို့အကြား တည်ထောင်ထားသောဖက်စပ်ကုမ္ပဏီဖြစ်သည်။ KMIC သည် အကျိုးအမြတ်များ ခံစားလိုသော ပြည်တွင်းပြည်ပ ကုမ္ပဏီများအား စျေးကွက်အခွင့်အလမ်းများနှင့် အကျိုးကျေးဇူးများစွာ ဖန်တီးပေးနိုင်လိမ့်မည်ဟု မြန်မာအစိုးရက မျှော်မှန်းထားသည်။
ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် KMIC Development Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ Mr.Lee Jung Wook တို့ အောက်တိုဘာ ၂၆ ရက်က ဗီဒီယိုအွန်လိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၉ ရက်တွင် Korea-Myanmar Industrial Complex စီမံကိန်းအပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခဲ့သည်။ အပိုင်း (၁) တည်ဆောက်ရေးလုပ်ငန်းများသည် စုစုပေါင်းဧရိယာ ၅၅၆ ဧကမှ ၃၁၅ ဧကကို အကောင်အထည်ဖော်မည်ဖြစ်သည်။ တည်ဆောက်ရေး ကာလကြာချိန် ၂၄ လဖြစ်ပြီး ခန့်မှန်းတွက်ချက်မှု ပမာဏအရ ဒေါ်လာ ၂၇ သန်းခန့်ကုန်ကျနိုင်ကြောင်း KMIC-Development Co.,Ltd က ထုတ်ပြန်ထားသည်။
လှည်းကူးမြို့နယ်တွင် အကောင်အထည်ဖော်မည့် ကိုရီးယား-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု စက်မှုဇုန်စီမံကိန်း (KMIC) တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်ဒီဇင်ဘာတွင် စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားထားသည်။
KMIC စက်မှုဇုန်စီမံကိန်းမှ အလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူဖြစ်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်းနှီးမြှုပ်နှံသူများကိုဖိတ်ခေါ်ပြီး KMIC စက်မှုဇုန်စီမံကိန်းထူထောင်ရာတွင် အခြေခံအဆောက်အအုံပိုင်းသာမက ဝန်ဆောင်မှုပေးရေးအပိုင်းကိုပါ နိုင်ငံတကာအဆင့်မီစေရန် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
Korea-Myanmar Industrial Complex (KMIC) စက်မှုဇုန်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်သင်တန်းကျောင်း မြေဧရိယာ ၅၅၈ ဧက၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ အစိုးရအဖွဲ့အစည်းဖြစ်သည့် Land and Housing Corporation (LH) တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။










